တန့်ယန်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိကာ ကလေးနှစ်ဦးသေဆုံးပြီး မိခင်ဒဏ်ရာရ

တန့်ယန်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိကာ ကလေးနှစ်ဦးသေဆုံးပြီး မိခင်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်ပေါ်မှ ကလေးနှစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရသည်ဟု တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၄)ရက်နေ့ နံနက်(၈)နာရီခွဲကျော်က တန့်ယန်းမြို့ အမှတ်(၆)ရပ်ကွက် မိုးဆန်းပန်း ပန့်ဆီဆိုင်အနီးတွင် ကားနှင့် ဆိုင်ကယ်တိုက်မိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က မျက်မြင်တော့မတွေ့ပါဘူး။ ဖုန်းဆက်ပြီးတော့ အကြောင်းကြားလာလို့ သွားသယ်ပေးတာပဲ ရှိတယ်။ သေဆုံးသူကလေးတွေနဲ့ အမျိုးသမီးက သားအမိတွေပါ။ သူတို့က ရပ်ကွက် (၆) ကျောက်တောင်ကပါ။ ကားသမားတော့ ဒဏ်ရာမရဘူး။ ကျွန်တော်တို့သွားခေါ်တော့ လမ်းဘေးရောက်နေပြီ။ ဆိုင်ကယ်တွေ ကားတွေကတော့ ရဲစခန်းရောက်နေပြီ”ဟု တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားသည့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦးကို တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် ကလေးငယ်နှစ်ဦးမှာ သေဆုံးသွားသည်ဟု သိရသည်။

အမျိုးသမီးမှာ အသက်(၄၀)ဝန်းကျင်အရွယ်ဖြစ်ပြီး သေဆုံးသူ ကလေးနှစ်ဦးမှာ အသက်(၅)နှစ် နှင့် (၈)နှစ်အရွယ်ဝန်းကျင် ယောက်ျားလေးများ ဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo:တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့