ခိုးဆိုးလုယက်မှုနှင့် ဓါးပြတိုက်မှုများ နေ့စဉ် ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ခေါက်ဆွဲခပ်ဆိုင်တွင် ထိုင်စားနေသည့် အမျိုးသမီးတစ်ဦး ဓါးပြတိုက်ခံလိုက်ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၂)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ပါလျှံ(၂)ရှိ ရပ်ကွက်ရုံးအနီး ခေါက်ဆွဲခပ်ဆိုင်တွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
Crown အမျိုးအစား အနက်ရောင် ကားဖြင့် ရောက်ရှိလာသည့် အမျိုးသား(၄)ဦး အနက် အမည်မသိ အမျိုးသား(၂)ဦးသည် သေနတ် ကိုင်ဆောင်ကာ ခေါက်ဆွဲခပ်ထိုင်စားနေသည့် အမျိုးသမီးထံက ရွှေဆွဲကြိုး၊ ဖုန်း နှင့် ပိုက်ဆံအိတ် ဓါးပြတိုက်ယူသွားခြင်း ဖြစ်ကြောင်း သိရသည်။
"ကားပေါ်မှာ လူ(၄)ယောက်ပါတာ။ ပထမ(၁)ယောက် ကားပေါ်ကနေ အရင်ဆင်းလာပြီး ဆိုင်ရှင်ကို ဘာတွေရလည်း ဘာညာမေးပြီး နောက်ထပ် ကားပေါ်က (၁)ယောက် ထပ်ဆင်းလာပြီး ထိုင်စားနေတဲ့ အမျိုးသမီးလုတာ အဲ့ဒါကနေ ရုန်းရင်းဆန်ခတ်ဖြစ်တော့ သေနတ်ထုတ်လာတယ်။"ဟု ရပ်ကွက်တွင်းနေထိုင်သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
ဓါးပြတိုက်မှုဖြစ်ပွားသည့် နေရာသည် လူမပြတ်သည့်နေရာဖြစ်သလို နံနက်ပိုင်းလည်းဖြစ်သည့်အတွက် လုယက်သူများမှာ အတင့်ရဲလွန်းသည်ဟု ဆိုသည်။
"အဲ့ဒီဖက်က လူမပြတ်ဘူး။ ပြီးတော့ ဖြစ်တာကလည်း ညမဟုတ်ဘူး အခုမနက် အဲ့တော့ အတော်ကို အတင့်ရဲနေပြီ။ အခုဆိုရင် အပြင်ထွက်သွားလာရမှာတောင် ကြောက်နေရပြီ။ ဟိုနား လုခံရ ဒီနား ဓါးပြတိုက်ခံရနဲ့ နေ့တိုင်း ကြားနေရတယ်။ တချို့ဆို ဒဏ်ရာ အပြင်းအထန်ရတာတွေလည်းရှိတယ်"ဟု ရန်အောင်မြေရပ်ကွက်တွင်းနေ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများ နှင့် ဓါးပြတိုက်မှုများအပြင် ပြန်ပေးဆွဲမှုအဖြစ် မယ်ယန်းကျေးရွာတွင် မတ်လ(၁၀)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်ကလည်း အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရမှု ဖြစ်ပွားသေးသည်။