စစ်ကောင်စီ၏ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)ကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေး ယူလိုက်သည်ဟု Justice For Myanmar က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် ထုတ်ပြန်သည်။
ယခုဒဏ်ခတ်ပိတ်ဆို့မှုများသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် MOGE အပေါ် ဥရောပသမဂ္ဂ(အီးယူ)က ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ပြီးနောက်တွင် လိုက်ပါလုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆွစ်ဇာလန်နိုင်ငံသည် ၎င်းတို့တစ်နိုင်ငံတည်းအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းထက် အီးယူ၊ ကုလသမဂ္ဂ၊ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE)တို့က ကုန်သွယ်မှုပိတ်ပင်ရေး ဥပဒေမှတဆင့် ချမှတ်ထားသည့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကိုသာ အကောင်အထည်ဖော်လေ့ရှိသည်။
MOGE အပေါ် ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေဖြည့်တင်းရန် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍမှ ဘဏ္ဍာငွေ ရှာဖွေရရှိနေနိုင်သည့် စစ်အုပ်စု၏ ကယ်ပေါက်တစ်ခုအား ပိတ်ပင်ရာတွင် အရေးပါသည်ဟုလည်း ဆိုသည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍသည် စစ်အုပ်စုအတွက် နိုင်ငံခြားငွေဖြင့် အခွန်ဝင်ငွေအများဆုံး ရှာဖွေပေးနေသည့် ရင်းမြစ်တစ်ခုဖြစ်သည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့ဝင်ငွေများကို စစ်အုပ်စုကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် လိုအပ်သည့် စစ်လက်နက်များ၊ လေယာဉ်ဆီနှင့် အခြားအထောက်အကူပြုပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုနေသည်ဟု ဆိုသည်။
စစ်အုပ်စု၏ အချက်အလက်များအရ မြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့မှုမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ (၃)လအတွင်း အမေရိကန်ဒေါ်လာ(၈၄၁.၇)သန်းရှိခဲ့သည်ဟု ဖော်ပြသည်။
MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ရန် ဆွစ်ဇာလန်၏ ဆုံးဖြတ်ချက်သည် Justice For Myanmar မှ မတ်လ(၇)ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
စစ်အုပ်စုက ဓါတ်ငွေ့ဝင်ငွေများကို နိုင်ငံတကာရာဇဝတ်မှုမြောက်သည့် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် စစ်လက်နက်များနှင့် လေယာဉ်ဆီဝယ်ယူရာတွင် အသုံးပြုနေသည်ဟု ဆိုသည်။
ထို့အပြင် ကနေဒါ၊ ယူကေနှင့် ဩစတြေးလျနိုင်ငံတို့ကလည်း MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ အလျင်အမြန်လုပ်ဆောင်ရန် တောင်းဆိုထားသည်။
#TachileikNewsAgency
Photo: MOGE လက်အောက်မှ ရေနံလုပ်ငန်းတစ်ခု