စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်များစုဆောင်းနေချိန် အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်နေရသူများအား ပြည်တွင်းပြန်ဝင်နိုင်ရန် ဥပဒေအရ ဖြေလျော့ပေးမည်ဟု စစ်ကောင်စီက ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၇)ရက်နေ့တွင် ထုတ်ပြန်သည်။
ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူများကိုသာ ခေါ်ယူနေခြင်းဖြစ်သည်ကို တွေ့ရသည်။
၎င်းတို့မှာ ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များဖြစ်ပြီး အထူးသက်ညှာစွာ ဖြေလျော့ပေးမည်ဟုလည်း ဆိုသည်။
ထို့အပြင် နေရပ်ဒေသအသီးသီးမှ စွန့်ခွာတိမ်းရှောင်နေရသူများသည်လည်း နိုင်ငံသားများဖြစ်သောကြောင့် ရောက်ရှိရာနေရာများမှ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်နိုင်ရေးကိုလည်း စီမံသွားမည်ဟု ဆိုသည်။
အကြောင်းအရာ တစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထားသူများမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူများသာ ပါဝင်ပြီး စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုက နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီများကို အကြောင်းကြားရမည်ဟု ဆိုသည်။
ပြည်ပရောက်နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ရမည်ဟု ထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ၂၀၂၅ခုနှစ် မတ်လ(၆)ရက်နေ့အထိ စစ်ကောင်စီကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆,၃၈၁)ဦးရှိပြီဟု သိရသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈,၇၅၂) ဦးရှိပြီး ထိုအထဲမှ (၂၁,၉၇၅)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀,၅၂၁)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဖော်ပြသည်။
စစ်ကောင်စီသည် မြေပြင်တွင် စစ်ရှုံးနေသဖြင့် စစ်မှုထမ်းဥပဒေကိုပြဌာန်းကာ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များကို အပတ်စဉ်တစ်ခုလျှင် (၄၅၀၀)ဦးဝန်းကျင်နှုန်းခေါ်ယူနေရာ အပတ်စဉ်(၁၁)အထိ ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် ပေါ်တာဆွဲဖမ်းဆီး၍ စစ်မှုထမ်းစေခိုင်းခြင်းများလည်းရှိနေကာ စစ်မှုထမ်းလူငယ်များအား (၃)လစစ်သင်တန်းပေး၍ လူသားဒိုင်းအဖြစ်အသုံးချ ရှေ့တန်းများသို့ ပို့ဆောင်နေခြင်းကြောင့် စစ်မှုထမ်းလူငယ်အများအပြား တိုက်ပွဲတွင်သေဆုံးနေရသည်။
#TachileikNewsAgency