မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ညဈေးတွင် (၃)စီးမြောက်အဖြစ် ဆိုင်ကယ် နောက်ထပ်(၁)စီး ထပ်မံခိုးခံရမှု ဖြစ်ပွားကြောင်း သိရသည်။
ညဈေးတွင် ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၆)ရက်နေ့ ည(၉)နာရီ ဝန်းကျင်အချိန်က Wave i 110 အမျိုးအစား အနက်ရောင်ဆိုင်ကယ် တစ်စီး ခိုးခံရခြင်း ဖြစ်ကြောင်း သိရသည်။
ခိုးခံရသည့် ဆိုင်ကယ်၏ ဘောင်အမှတ်မှာ MLHJA1447M5956327 နှင့် စက်အမှတ်မှာ JA14E-4456327 ဖြစ်ပြီး တွေ့ရှိရသူများအနေဖြင့် ဖုန်း 09789738799 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် ကာယကံရှင်က လူမှုကွန်ရက်(Facebook)ကနေ တဆင့် အကူအညီတောင်းခံထားသည်ကို တွေ့ရသည်။
တာချီလိတ်ညဈေး(Tachileik Night Market)အား ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက် ပြည်ထောင်စုနေ့တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်လှစ်ထားသည့် ရက်ပေါင်း (၂၀)ကျော်အတွင်း၌ ခိုးခံရသည့် ဆိုင်ကယ်မှာ (၃)စီးရှိပြီ ဖြစ်ကြောင်း သိရသည်။
"ကျွန်မ သိရသလောက်ဆိုရင် ဒီ ညဈေးမှာ ဆိုင်ကယ် ခိုးခံရတာ (၃)စီးရှိပြီ။ ဒုတိယတစ်စီးတုန်းကတော့ သူခိုးကို ဖမ်းမိလို့ ရဲကို အပ်ပေမဲ့ ရဲက အရေးယူလား မယူလားတော့မသိဘူး။ ဘာသတင်းမှာလည်း မတက်လာဘူး"ဟု ညဈေးတွင် ဈေးရောင်းနေသည့် ဈေးသည်တစ်ဦးက Tachileik News Agency သို့ ပြောသည်။
တာချီလိတ်မြို့တွင်း လမ်းကြားများနှင့် လမ်းမကြီးပေါ်တွင် လုယက်မှုများ နေ့စဉ် ဖြစ်ပွားနေသလို ယခုလို ဆိုင်ကယ်ခိုးမှုများမှာလည်း နေ့စဉ် နီးပါးဖြစ်ပွားနေလျှက်ရှိကြောင်း သိရသည်။