တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ဆက်လက် သက်တမ်း တိုးထား 

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ဆက်လက် သက်တမ်း တိုးထား 
မတ် 5, 2025 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ည(၁၂)နာရီကနေ နံနက်(၄)နာရီအတွင်း ညမထွက်ရ အမိန့်ကို ၂၀၂၅ခုနှစ် မတ်လ(၁)ရက်နေ့ ရက်စွဲဖြင့် သက်တမ်းထပ်တိုးထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင် လူ(၅)ဦးအထက် မစုရန် နှင့် လူစု လူဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊လူကိုယ်တိုင် ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ဆတ် ပြုလုပ်ခြင်းများကို မပြုလုပ်ရန် တားမြစ်ထားသည်။

တကယ်တမ်းတွင် တာချီလိတ်မြို့၌ ည(၁၁)နာရီ နောက်ပိုင်း ညမထွက်အမိန့်ကို Covid-19 ကာလကနေ အာဏာသိမ်းပြီး ၂၀၂၃ခုနှစ် ဝန်းကျင်အထိ ဆက်လက်ထုတ်ပြန်ထားပြီး ပြန်လည်ရုတ်သိမ်းခြင်းမရှိဘဲ (၂)လ တစ်ကြိမ်အဖြစ်  ဆက်လက် သက်တမ်းတိုးနေရာတွင် ည(၁၂)နာရီ နောက်ပိုင်း ညမထွက်ရန်ကို ၂၀၂၄ခုနှစ်ဝန်းကျင်က စပြီး ဆက်လက် ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။



တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ကို စာရွက်ပေါ်၌သာ သဘောတရားအရ ထုတ်ပြန်ထားခြင်းဖြစ်ပြီး မြေပြင်အနေအထားမှာ ပုံမှန်အတိုင်း သွားလာနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူပင် ညမထွက်ရအမိန့်ကို တစ်နိုင်ငံလုံးတွင် ပြန်လည် ရုတ်သိမ်းထားခြင်းမရှိသေးဘဲ (၂)လ တစ်ကြိမ် သက်တမ်းထိုးထားမြဲ ဖြစ်သည်။