တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မီတာ(၇၀)ဝန်းအကွာအဝေးတွင် ဖြစ်ပွားခဲ့သည့် ပြန်ပေးဆွဲမှုနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်သူ စုစုပေါင်း (၆)ဦးကို အသေပစ်ခတ် ဖမ်းဆီးလိုက်ပြီးနောက် ပြန်ပေးဆွဲခံရသည့် အမျိုးသားမှာ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက်(၆)နာရီ ဝန်းကျင်အချိန်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မီတာ(၇၀)ဝန်းအကွာအဝေးရှိ KBZ Bank ခွဲ(၂) ရှေ့ ငွေလဲဆိုင်တွင် ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြန်ပေးဆွဲခံရသူမှာ တရုတ်အမျိုးသား အသက်(၇၈)နှစ်ရှိ ဦးရန်ထင်ချန်းဆိုသူ ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြန်ပေးဆွဲအဖွဲ့၏ လမ်းကြောင်းများကို ရဲတပ်ဖွဲ့က CCTV ကနေ အဆင့်ဆင့် ကြည့်ရှု စုံစမ်းရှာဖွေရာ ပြန်ပေးဆွဲအဖွဲ့သည် နေရာအနှံ့ကို ပတ်သွားပြီး နောက်ဆုံး၌ ပါဆတ်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် အခြေချနေထိုင်သည်ကို သိရှိလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒီဇင်ဘာလ(၁၈)ရက်နေ့ ညနေပိုင်းတွင် ပူးပေါင်းအဖွဲ့က ပါဆတ်ရပ်ကွက်အတွင်းရှိ နေအိမ်သို့ သွားရောက်ပြီး ဖမ်းဆီးရန်လုပ်ဆောင်စဉ် ပြန်ပေးဆွဲအဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာမှ ပြန်ပေးဆွဲအဖွဲ့ (၆)ဦး သေဆုံးသွားကြောင်း သိရသည်။
"CCTV ကနေ တဆင့် လိုက်ရာကနေ အခုလို ပေါ်တာပါ။ CCTV အရ သူတို့က နေရာအစုံပတ်သွားပြီး နောက်ဆုံးမှာ သူတို့ အခြေချတဲ့ ပါဆတ်ရပ်ကွက်ထဲမှာ လမ်းဆုံးသွားတယ်။ အဲ့ကနေ တဆင့် ရှာဖွေလိုက်တော့ နေရာမှန်ကို သိသွားတဲ့သဘောပါ။ သူတို့ကို ဝိုင်းထားတဲ့အခါ အသာတကြည် အဖမ်းမခံဘဲ ပစ်ခတ်မှု ဖြစ်သွားတယ်။ (၆)ယောက်လုံး သေသွားတယ်။ ခေါင်းတွေပဲ အဓိက မှန်တာ၊ အဲ့ထဲမှာ ဦးဏှောက်အလုံးလိုက် ထွက်ပြီးသေတဲ့ ကောင်က သေတယ်။"ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။
ဓါးပြအဖွဲ့က ဦးရန်ထင်ချန်းအား နေအိမ်၏ အခန်းအတွင်း၌ ချုပ်ထားရာ ပူးပေါင်းအဖွဲ့က ပြန်လည် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
"ပြန်ပေးဆွဲခံရတဲ့ သူကတော့ အခန်းထဲမှာ ချုပ်ခံထားရတာ။ သူ့ကို အထိအခိုက်မရှိဘဲ ကယ်လာနိုင်တယ်။ သူကတော့ စဖမ်းခေါ်သွားတဲ့အချိန်ကနေ အခုထိ ဘာမှ မစားရသေးဘူးလို့ ပြောတယ်"ဟု၎င်းက ဆက်လက် ပြောပြသည်။
အသေပစ်ခတ် ဖမ်းဆီးပြီးနောက် ရှာဖွေမှုများ ပြုလုပ်ရာတွင် ဓါးပြအဖွဲ့ ကိုင်ဆောင်သည့် ပွိုင့်-၃၈၀ အမျိုးအစား သေနတ်(၁)လက်၊ M-16 သေနတ်အရှည်(၁)လက်၊ ကျည်ရောရာ (၂၁)ထောင့်၊ အပြင် ပြန်ပေးဆွဲရာတွင် အသုံးပြုသည့် ကားတစ်စီးနှင့် ကားနံပါတ်ပြားအစုံ (၆)စုံ၊ ကျည်ကာအင်္ကျီ(၂)ထည်၊ ပဲခူးတိုင်းရဲတပ်ဖွဲ့ တံဆိပ်ပါ (၁)ထည် နှင့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၆၅,၀၀၀)ပြား တွေ့ရှိရကြောင်း သိရသည်။
ပြန်ပေးဆွဲစဉ်က CCTV မှတ်တမ်း
ဓါးပြအဖွဲ့ (၆)ဦးအနက် (၂)ဦးတွင် မှတ်ပုံတင်နှင့် ယာဉ်မောင်းလိုင်စင်တို့ကို တွေ့ရှိရာ ၎င်းတို့ (၂)ဦးမှာ ကျန်းဘီယင်း နှင့် မောင်မောင်ဦးတို့ ဖြစ်ကြောင်း နှင့် ကျန်းဘီယင်း ဆိုသူ ကိုင်ဆိုင်သည့် မှတ်ပုံတင်မှာ တာချီလိတ်မှတ်ပုံတင် ဖြစ်နေကြောင်း သိရသည်။
တာချီလိတ်မြို့တွင် နေ့စဉ်နီးပါး ဖြစ်ပွားနေသည့် ခိုးဆိုးလုယက် နှင့် ပြန်ပေးဆွဲမှုများ၊ ဓါးပြတိုက်မှုများကို ယခု ဖြစ်စဉ်လို လိုက်လံစုံစမ်းဖော်ထုတ်ပေးစေချင်သည်ဟု မြို့ခံ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
"အခုကိစ္စက ထိုင်းမီဒီယာတွေအထိ ပေါက်ရောက်သွားသလို ခရိုင်ရဲရုံးနဲ့လည်း အနီးဆုံးမှာလည်းဖြစ် ဟိုးလေးတကျော်လည်း ဖြစ်သွားတဲ့အခါကျတော့ ဒီကိစ္စက မဖြစ်မနေ လုပ်ရတော့မဲ့ ကိစ္စ ဖြစ်သွားဟန်တူပါတယ်။ ဖမ်းမိတဲ့ ဖြစ်စဉ်တွေမှာ CCTV ကြောင့်ဖမ်းမိတာများတာပဲ။ ဒါကလည်း ချီးကျူးစရာပါ။ တာချီလိတ်မှာ ဖြစ်နေတဲ့ ခိုးဆိုးလုယက်တွေကိုလည်း အခုလိုမျိုး စုံစမ်းဖော်ထုတ်ပေးနိုင်ရင် ပိုကောင်းတာပေါ့။ ဟိုးလေးတကျော်ဖြစ်မှ ထဖမ်းတာမျိုးကတော့ မသင့်တော်ဘူး။ တကယ်ရှာဖမ်းရင် ရတာကို သိလျက်နဲ့ ဖြစ်စဉ်တော်တော်များများကို ခေါင်းရှောင်နေခဲ့ကြတာမျိုး ထပ်မဖြစ်စေချင်ဘူးဗျာ။ ဒုစရိုက်မှုတွေ တာချီလိတ်မှာက ပိုပိုပြီး အတင့်ရဲလာနေတယ်"ဟု လုပ်ငန်းရှင် တစ်ဦးက ထောက်ပြပြောဆိုသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ဖြစ်ပွားသည့် ခိုးဆိုးလုယက်၊ ဓါးပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများအနက် စစ်တပ်က ပါဝင်သည့် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို ခြိမ်းခြောက် ငွေညစ်သည့် အဖွဲ့အား အရှင်ဖမ်းဆီးမှု ၊ ပါလျံ(၃)ရှိ ဖုန်းဆိုင် ဓါးပြတိုက်သည့်အဖွဲ့ကို အသေပစ်ခတ် ဖမ်းဆီးမှု နှင့် ယခု ပြန်ပေးဆွဲမှုတွင် အသေပစ်ခတ် ဖမ်းဆီးမှုတို့ ရှိခဲ့သည်။