ဖယ်ခုံမြို့နယ်တွင် ကျောင်းထိုင်သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့သတ်ခံရမှု ဖယ်ခုံ PDF နှင့် မသက် ဆိုင်ဟု ထုတ်ပြန်

ဖယ်ခုံမြို့နယ်တွင် ကျောင်းထိုင်သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့သတ်ခံရမှု ဖယ်ခုံ PDF နှင့် မသက် ဆိုင်ဟု ထုတ်ပြန်

ရှမ်း-ကယား နယ်စပ် ဖယ်ခုံမြို့နယ်တွင် ကျောင်းထိုင်သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ သတ်ခံရမှု ၎င်းတို့နှင့် မသက်ဆိုင်ဟု ဖယ်ခုံ PDF က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၅)ရက်နေ့တွင် ထုတ်ပြန်သည်။

မတ်လ (၄)ရက်နေ့ ညနေပိုင်းက နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာရှိ (ဖယ်ခုံမြို့-ရှမ်းဘုန်းကြီးကျောင်း)မှ ကျောင်းထိုင်သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ကို လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်သည်။  

အဆိုပါဖြစ်စဥ်သည် ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) နှင့် လုံးဝမသက်ဆိုင်ကြောင်းနှင့် ၁၀၀၆ တပ်ရင်း၏ တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးမှအစ အောက်ခြေရဲဘော်များအဆုံး တပ်ဖွဲ့ဝင်များအားလုံးက ထိုသို့နိုင်ထက်စီးနှင်းသော လုပ်ရပ်အား ပြုလုပ်ကျူးလွန်ခြင်းမရှိဟု ထုတ်ပြန်ထားသည်။ 

ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း)၏ စိုးမိုးရာနယ်မြေဒေသတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဥ်အပေါ်  ၁၀၀၆ တပ်ရင်းအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေး ပအဖများနှင့်ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

အဆိုပါဖြစ်စဥ်နှင့်ပက်သက်၍ ၁၀၀၆ တပ်ရင်းအနေဖြင့် မပြီးဆုံးသေးသော တော်လှန်ရေးလမ်းခရီးတွင် တပ်ရင်းနှင့် လူထုအကြား သဘောထားကွဲလွဲစေရန် သွေးခွဲလုပ်ဆောင်သည့် မည်သို့သောအကြောင်းရင်းများကိုမဆို လက်သင့်ခံမည်မဟုတ်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency