ရေစကြိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦးဖမ်းခံရ

ရေစကြိုမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦးဖမ်းခံရ

မကွေးတိုင်း ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သုံ့ပန်းများကို ဖမ်းဆီးရမိသည်ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့ထံမှ သိရသည်။

 

အင်အား (၂၀၀)ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် အပြင်းအထန် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်များ တပ်ပြန်ဆုတ်ရန် ဂျက်လေယာဉ်နှင့် တစ်ကြိမ်၊ Mi-35 နှင့် တစ်ကြိမ် ပြုလုပ်သွားသည်ဟု ဆိုသည်။

တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက လိုက်လံတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ်သား (၉)ဦးသေပြီး စစ်သုံ့ပန်း (၉)ဦးကို ဖမ်းဆီးရမိသည်ဟု သိရသည်။

“အခုလက်ရှိမှာတော့ သူတို့ဘက်က အင်အားတွေထပ်ဖြည့်ထားတာရှိတယ်ပေါ့နော်။ စစ်ကြောင်း နောက်ထပ် တစ်ကြိမ်ထိုးမလားတော့ မသိရသေးဘူး။ အင်အားကတော့ ၅၀၀ လောက်ရှိတယ်လို့တော့ ကျွန်တော်တို့ သိထားရတယ်။ အဲဒီလောက်လည်း ရှိချင်မှ ရှိမယ်ပေါ့နော်။”ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က Tachileik News Agency ကိုပြောသည်။

တိုက်ခိုက်မှုအတွင်း Myingyan Black Tiger တပ်ဖွဲ့မှ ရဲဘော်(၂)ဦးဒဏ်ရာရပြီး မဟာမိတ်တော်လှန်ရေးတပ်များဘက်ကလည်း ထိခိုက်မှုတချို့ရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီအသုံးပြုသည့် (၆၀)မမ တစ်လက်၊ RPG-7 တစ်လက်အပါအဝင် လက်နက်ငယ်တချို့နှင့် အခြားခဲယမ်းဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

“ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဘယ်လိုအရေးယူမလဲဆိုတာ ညီနောင်မဟာမိတ်တွေနဲ့ တိုင်ပင်ပြီးတော့ အကောင်းဆုံးအဖြေတစ်ခုကို ဆုံးဖြတ်သွားမှာပါဗျ။”ဟု ဗိုလ်မိုက်ခဲ က ဆက်ပြောသည်။

ပူးပေါင်းတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့အပါအဝင် မြောင်တပ်ပေါင်းစု၊ Royal Brother Defence Force (RBDF)၊ သွေးသောက်တပ်ဖွဲ့၊ ရေစကြိုမြိုနယ် (ပလဖ)၊ MSPDFနှင့် အခြားညီနောင်မဟာမိတ်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

#TachileikNewsAgency