ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခြေရွာနှင့် မန်မော်ကျေးရွာကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်သဖြင့် TNLA ရဲဘော်(၁၀)ဦး ဒဏ်ရာရရှိသည်ဟု TNLA ဘက်က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်က ပြင်းထန်စွာဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားချိန် နေ့လယ် (၁)နာရီခွဲတွင် လေကြောင်းမှ အဆိပ်ငွေ့ဗုံးကြဲတိုက်ခိုက်ရာ TNLA ရဲဘော် (၁၀)ဦး ဒဏ်ရာရပြီး (၄)ဦးမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါဗုံးကြောင့် TNLA ရဲဘော်များသည် မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှားမြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာခံစားရ၍ ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲကာလအတွင်း နိုင်ငံတကာမှ တားမြစ်ထားသည့်အဆိပ်ငွေ့ဗုံးကို အသုံးပြုကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်သည်ဟု TNLA က ဆိုသည်။
ထို့ပြင် ယခုလအတွင်း အရပ်သားများအား ရည်ရွယ်ချက်ရှိရှိဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်း ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား (၇)ဦးသေဆုံးပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရှိကာ နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့် ပြည်သူနေအိမ် (၁၁)လုံး ထိမှန်ပျက်စီးသွားသည်ဟု သိရသည်။
ရှမ်း-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကိုလည်း စစ်ကောင်စီတပ်က မီးလောင်ဗုံးနှင့် ဓာတုဗုံးများ ကြဲချတိုက်ခိုက်နေသည်ဟု ဒေသကာကွယ်ရေးတပ်များက ပြောဆိုထားသည်။
#TachileikNewsAgency
Photo:PSLF/TNLA News