တာချီလိတ် အပါအဝင် ကျားဖြန့်လုပ်ငန်း (၅)နေရာတွင် တရုတ်နိုင်ငံသား(၁၀)ဦးကို ရှာဖွေကယ်တင်ပေးရန် တရုတ်ကောင်စစ်ဝန်ရုံးက အကူအညီတောင်းထား

တာချီလိတ် အပါအဝင် ကျားဖြန့်လုပ်ငန်း (၅)နေရာတွင် တရုတ်နိုင်ငံသား(၁၀)ဦးကို ရှာဖွေကယ်တင်ပေးရန် တရုတ်ကောင်စစ်ဝန်ရုံးက အကူအညီတောင်းထား
ဖေဖော်ဝါရီ 13, 2025 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အတွင်း ကျားဖြန့်လုပ်ငန်းနေရာ (၅)နေရာတွင် ဖမ်းဆီးခံထားရသည့် တရုတ်နိုင်ငံသားများအနက် (၁၀)ဦးကို ရှာဖွေကယ်တယ်ပေးနိုင်ရန် မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံးက စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသို့  အမည်နှင့်တကွ ပေးပို့ကာ အကူအညီ တောင်းခံထားကြောင်း သိရသည်။

 

တရုတ်ကောင်စစ်ဝန်ရုံးက ပေးပို့ အကူအညီတောင်းလာသည့် တရုတ်နိုင်ငံသား (၁၀)ဦးမှာ အမျိုးသားများသာ ဖြစ်ပြီး ၎င်းတို့သည် SSPP/SSA ထိန်းချုပ်ရာဒေသအတွင်း ဝမ်ဟိုင်းတွင် (၅)ဦး၊ လွိုင်လင်တွင် (၁)ဦး၊ တန့်ယန်းတွင် (၂)ဦး၊  မူဆယ်တွင် (၁)ဦး နှင့် တာချီလိတ်မြို့တွင် (၁)ဦး ဖြစ်ကြောင်း သိရသည်။

ပျောက်နေသည့် တရုတ်နိုင်ငံသား (၁၀)ဦး၏ အမည်များမှာ ဝမ်ဟိုင်းတွင် Wang Yuheng(王毓恒)၊ He Cong(何聪)၊ He Wei(何伟)၊  Niu Yuanzhen(牛元珍)နှင့် Yi Hongshen(易鸿申) တို့ ဖြစ်ပြီး တန့်ယန်းတွင် Qian Qiaojiang(钱桥江) နှင့် Zhon Yuhang(钟宇航)၊  မူဆယ်တွင် Wang Dong(王东)၊ လွိုင်လင်တွင် Yang Kai(杨凯)  နှင့် တာချီလိတ်မြို့တွင်  Bo Jinquan(薄金泉)တို့ ပျောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၏ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး လက်ထက်က ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းမှုများလုပ်ဆောင်ခဲ့ရာ တရုတ်နိုင်ငံသား ရာနှင့်ချီ ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ပြီးဖြစ်သော်လည်း လက်ရှိတွင် တာချီလိတ်မြို့၏ အချို့သောနေရာများတွင် ကျားဖြန့်လုပ်ငန်း အနည်းငယ်သာကျန်ရှိခဲ့ပြီး ထိုနေရာများ၌ ရှာဖွေပေးရန် အကူအညီတောင်းခံထားခြင်း ဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသားများကို ရှာဖွေကယ်တင်ပြီးပါက နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် တရုတ်ကောင်စစ်ဝန်ရုံး အကူအညီတောင်းခံထားသည်။