တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း မြို့ပတ်လမ်းတကြော အစားအစာနှင့်သောက်ရေ အကူအညီများ လိုအပ်နေ

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း မြို့ပတ်လမ်းတကြော အစားအစာနှင့်သောက်ရေ အကူအညီများ လိုအပ်နေ
စက်တင်ဘာ 15, 2024 | ရှမ်းရှေ့

အဆိုးရွားဆုံး ရေကြီးရေလျှံမှုနှင့် ကြုံခဲ့ရသည့် တာချီလိတ်မြို့တွင် နေရာတော်တော်များများတွင် ရေကျနေပြီဖြစ်သော်လည်း မယ်ခေါင်ရပ်ကွက်အတွင်း၌ ရေများမှာ ဆက်လက် ရှိနေဆဲဖြစ်၍ ပိတ်မိနေသူများမှာ အစားအစာနှင့် သောက်ရေများ ဆက်လက် လိုနေသေးကြောင်း သိရသည်။

ရေများဆက်လက် ရှိနေဆဲဖြစ်သည့် နေရာမှာ မယ်ခေါင်ရပ်ကွက်အတွင်း ကိုးထပ်ဟိုတယ်အနောက်တကြောကနေ အနောက်မြို့ပတ်လမ်းအလွန် မယ်ဆိုင်ချောင်းဘေးအထိ ဖြစ်ပြီး ရေများမှာ ပေါင်အထိ ရှိကြောင်း သိရသည်။

"ရေတွေရှိသေးတယ် ပေါင်ကျော်တယ်။ ရေကင်းတဲ့ နေရာ မရှိဘူး။ အကုန်ရေတွေပဲ ရေကျတဲ့နေရာ ဆိုရင် ခြေသလုံးအထိ ရှိသေးတယ်။ ကူညီရေးလဲ သိပ်မရောက်ဘူးပြောတယ်။"ဟု အစားအသောက်များ သွားရောက်လှူဒါန်းပေးခဲ့သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် အနိမ့်ပိုင်းနေရာများကလွဲ၍ နေရာတော်တော်များများတွင် ရေများကျနေလျှက်ရှိသော်လည်း မယ်ခေါင်ရပ်ကွက်အတွင်း  ကိုးထပ်ဟိုတယ်အနောက်တကြောကနေ အနောက်မြို့ပတ်လမ်းအလွန် မယ်ဆိုင်ချောင်းဘေးအထိ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့ ည(၈)နာရီခွဲအချိန်အထိ ရေများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။