ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပြည်ပသို့ ပြောင်းဆန် တင်ပို့မှု မြှင့်တင်နိုင်ရေးအတွက် အခြားနယ်စပ်ဒေသများထက် မြင့်နေသည့် AV (အကောက်ခွန်စည်းကြပ်မည့် အခြေခံနှုန်းထား) ကို ပြန်လည်ပြင်ဆင်ပေးရန် အကောက်ခွန်ဦးစီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။
ပြောင်းဆိုတာ ရှမ်းပြည်နယ်က အဓိက ထွက်တယ်။ အခြားမြဝတီတို့ မူဆယ်တို့က ပို့မယ့်အစား တာချီလိတ်က ပို့မယ်ဆိုရင် Trade Volume (ကုန်သွယ်မှုပမာဏ) ကလည်း ပိုများလာနိုင်တယ်။ နောက်ကုန်ကျစရိတ် သက်သာတယ်ဆိုရင် တင်ပို့မှုများနိုင်တယ်။ နိုင်ငံတော်အတွက် Trade Volume ရနိုင်တယ်ဆိုပြီး ရုံးချုပ်ကို တင်ပြထားတယ်။ ရုံးချုပ်ကပြန်မကျလာသေးဘူး။ အဓိကက ဈေးနှုန်းလျှော့ပေးဖို့ တင်ပြထားတယ်
ဟု တာချီလိတ်မြို့ အကောက်ခွန် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းထက်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် ပြောသည်။
ပြောင်းဆန်တင်ပို့မှုအပေါ် အကောက်ခွန်စည်းကြပ်မည့် အခြေခံနှုန်းထားများမှာ အခြားနယ်စပ်ဒေသများထက် မြင့်နေသဖြင့် ပြန်လည် ပြင်ဆင်ပေးရန် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကျင်းပသည့် ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးတွင် ပြောင်းတင်ပို့သူများက တင်ပြခဲ့ကြသဖြင့် အကောက်ခွန်ဦးစီးဌာနက နေပြည်တော်ရုံးချုပ်သို့ ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် တင်ပြထားကြောင်း သိရသည်။
ကျွန်တော်ဒီဒေသရောက်တော့ (၃၀၉) ကျပ်(တစ်တန် (၃၀၈၀၀၀) ကျပ်) က များမှန်းသိတယ်။ Complain (ကန့်ကွက်တင်ပြခြင်း) ကမရှိဘူး။ အဲဒီတော့ ကျွန်တော်က နိုင်ငံတော်ဘက်ကပဲ နေမှာပေါ့။ အခုတင်ပြတော့ အကောက်ခွန်မှာ ဈေးနှုန်းပြန်တွက်ရမယ်။ ကုန်သည်ဘက်ကလည်းတွက်ချက်ပြီး အကောက်ခွန်ကို တရားဝင်ပြန်တင်ပေးပါ။ ဈေးကွက်အနေအထားရပြီ၊ ဈေးကွက်တည်ငြိမ်မယ်ဆိုရင် ဈေးနှုန်းကို ကျွန်တော်တို့ဘက်က ပြန်လုပ်ပေးမယ်။ ကုန်သည်တွေဘက်ကလည်း အခွန်အခကို တအားကြီးမချဘဲ သင့်တင့်လျောက်ပတ်တဲ့ဈေးဆို ချပေးမယ်
ဟု တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်ပတင်ပို့မည့် ပြောင်းဆန်များ တာချီလိတ်အရောက်တန်ဖိုးကို အကောက်ခွန်ဦးစီးဌာနက တွက်ချက်သည့် AV (အကောက်ခွန် စည်းကြပ်မည့် အခြေခံနှုန်းထား ) တန်ဖိုးမှာ မြဝတီနှင့် မူဆယ်ကုန်သွယ်ရေးစခန်းများမှ သတ်မှတ်ထားသည့် AV တန်ဖိုးထက်မြင့်မားနေသဖြင့် ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့ ညှိနှိုင်းပြီး ဈေးနှုန်းပြန်လည်ပြင်ဆင်ပေးရန် ဆောင်ရွက်နေကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေး တော်တော်များများကတော့ ကုန်သည်တွေ သက်သက်သာသာဖြစ်အောင်တော့ အခြေခံဈေးနှုန်းလေးတွေ သတ်မှတ်တာရှိတယ်။ အဲဒါကို ဗဟိုဘဏ်က ဒေါ်လာနဲ့ ကျပ်ငွေပေါက်ဈေး ဘယ်လောက်ရှိလဲ အဲဒါနဲ့မြှောက်ပြီး ကျသင့်တဲ့အခွန် (၂) ရာခိုင်နှုန်းတို့ ဘာတို့ဆောင်ပြီး ပို့ကုန်ကြေညာလွှာထုတ်ပြီးရင် တရားဝင်ဖြတ်သန်းခွင့်ရတယ်။ မူဆယ်မှာဆိုရင် တစ်တန်ကို (၁၂၅) ဒေါ်လာ လောက်ပဲရှိတယ်။ တာချီလိတ်မှာ တစ်တန်ကို (၂၁၂) ဒေါ်လာရှိတယ်။ မူဆယ်မှာ တန် (၁၀,၀၀၀) ပို့လို့ရှိရင် အစိုးရကို သိန်း (၁၀၀) အခွန်ဆောင်ရရင် ဒီမှာ သိန်း (၂၀၀) နီးနီးလောက်ဆောင်ရမှာပေါ့
ဟု ထိုင်းနိုင်ငံသို့ ပြောင်းဆန်များတင်ပို့နေသည့် ရွှေနန့်ပန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်ပသို့ပြောင်းတင်ပို့ရာတွင် နေရာဒေသအလိုက် AV တန်ဖိုးသတ်မှတ်ချက်များကွဲပြားမှုရှိနေပြီး ရန်ကုန်မြို့တွင် 1kg (၃၃၀) ကျပ်၊ မူဆယ်(၁၀၅)မိုင်ကုန်သွယ်မှုဇုန်တွင် 1kg (၁၈၃) ကျပ်မှ (၁၉၈) ကျပ်၊ မြဝတီကုန်သွယ်မှုဇုန်တွင် 1kg (၂၀၅) ကျပ်၊ ကျိုင်းတုံမြို့တွင် 1kg (၃၁၉) ကျပ်နှင့် တာချီလိတ်နယ်စပ်တွင် 1kg (၃၀၉) ကျပ်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
၂၀၁၉ ခုနှစ် သြဂုတ်လမှစတင်ပြီး တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှ တစ်ဆင့် လာအိုနိုင်ငံကိုဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ပြောင်းဆန်တင်ပို့နေရာတွင် လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ဂိတ်များ ဖြတ်သန်းမှုပိတ်ပင်ထားသဖြင့် တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားနှင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ ဝမ်ပုံဆိပ်ကမ်းတို့မှ ထိုင်းနိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။
တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပြောင်းဆန်တင်ပို့မှုမှာ ၂၀၁၉ ခုနှစ် သြဂုတ်လ (၂၄) ရက်နေ့မှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်နေ့အတွင်း တန်ချိန် (၂၃,၂၀၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄.၆၅၉) သန်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်