အွန်လိုင်းလောင်းကစားလုပ်ငန်းများ စီမံချက်ဖြင့် ဖမ်းဆီးမှုများ လုပ်ဆောင်နေသည့် တာချီလိတ်မြို့တွင် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း အွန်လိုင်းလောင်းကစား လုပ်ကိုင်နေသည့် နေရာကို ဝင်စစ်ရာမှ ထိုင်းနိုင်ငံသား အပါအဝင် (၁၃)ဦး နှင့် လုပ်ငန်းသုံး ကွန်ပျူတာ ပစ္စည်းများ ဖမ်းဆီးရမိကြောင်း ကနဦး သိရသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မနီးမဝေးရှိ သဇင်(၃)လမ်းတွင် အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် နေအိမ်ကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ အကူးပိုင်းအချိန်က စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဝင်ရောက် စစ်ဆေးရှာဖွေကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေအိမ်မှ ထိုင်းနိုင်ငံသား (၇)ဦး နှင့် မြန်မာနိုင်ငံသား (၆)ဦး စုစုပေါင်း (၁၃)ဦးကို လုပ်ငန်းသုံး ကွန်ပျူတာများနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားလုပ်ငန်း ဖမ်းဆီးမှုများကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့ကတည်းက စတင်ရာ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ဆန်ဆိုင်းရပ်ကွက်အတွင်း၌ ပထမဆုံး ဖမ်းမိပြီးနောက် ကြားရက်များတွင် သိုသိုသိပ်သိပ် ဖမ်းဆီး သိမ်းဆည်းမှုများ လုပ်ဆောင်နေကြောင်း သိရသသည်။
ယင်းသို့ ဖမ်းဆီးသိမ်းဆည်းမှုများ မလုပ်ဆောင်မီ (၃)(၄)ရက် အလိုကတည်းက လစဉ်ကြေး ကောက်ခံနေသည့် ရပ်ကွက်ပြည်သူ့စစ်အချို့နှင့် ရဲတပ်ဖွဲ့က ကြိုတင်အသိပေး အကြောင်းကြားထားမှုကြောင့် တော်တော်များများမှာ ကြိုတင် ရှောင်ရှားနိုင်ကြပြီး အချို့မှာ လူအနည်းငယ်ဖြင့် လုပ်ငန်း ဆက်လက် လုပ်ကိုင်နေကြောင်း သတင်းရသည့် နေအိမ်များကို ရှာဖွေဖမ်းဆီးခြင်း ဖြစ်သည်ဟုလည်း သိရသည်။