မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ ဝင်လာသည့် တရုတ်နိုင်ငံသား (၁)ဦး ကိုယ်အပူချိန်မြင့်နေသဖြင့် သံသယလူနာအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ နံနက်ပိုင်း၌ ဆေးရုံတွင် သီးခြားစောင့်ကြည့်ကုသမှုပေးထားပြီး ထိတွေ့ခဲ့သူများကို နေအိမ်တွင် သီးခြားစောင့်ကြည့်ရန် သတ်မှတ်ပေးထားကြောင်း သိရသည်။
“သူက တရုတ်နိုင်ငံ ကူမင်းကလာတာ (၁၄)ရက်အတွင်း ဖြစ်နေတာရယ်၊ မနေ့က ကိုယ်အပူချိန် (၃၈) ဒီဂရီစင်တီဂရိတ်အထိရှိတာရယ်ကြောင့် ဆေးရုံမှာ ခေါ်ထားပြီးစောင့်ကြည့်ဖို့ပါ။ သူ့ဆီက ဓါတ်ခွဲခန်းအဖြေထွက်လာတဲ့အထိ သူနဲ့အတူလာတဲ့တစ်ယောက်ကိုတော့ ဟိုတယ်အခန်းမှာပဲ သီးခြားစောင့်ကြည့်မယ်။ ဟိုတယ်ဝန်ထမ်းတွေကိုလည်း အိမ်မှာသီးခြားစောင့်ကြည့်သူအတွက် လိုက်နာဆောင်ရွက်ရမှာတွေ ပေးထားပါတယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ ဟိုတယ်ဝန်ထမ်းတွေ အားလုံးလည်း ဓါတ်ခွဲခန်းအဖြေထွက်တဲ့အထိ ကိုယ့်အိမ်မှာပဲကိုယ် သီးခြားစောင့်ကြည့်တာတွေ လုပ်ရမယ်”
ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ တရုတ်နိုင်ငံသား (၂) ဦးသည် တာချီလိတ်မြို့ ဟိုတယ်တစ်ခု၌ တည်းခိုနေထိုင်စဉ် မတ်လ (၁၅) ရက်နေ့၌ ဟိုတယ်က ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရာ (၃၈) ဒီကရီစင်တီဂရိတ်ကျော်နေသဖြင့် ဆေးရုံပို့ရန် တိုက်တွန်းစဉ် ငြင်းဆန်ပြီး ဟိုတယ်မှ ထွက်သွားကြသဖြင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ချိတ်ဆက်ရှာဖွေရာ ဟိုတယ်တစ်ခုတွင် သွားရောက်တည်းခိုနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ထမ်းများက ဟိုတယ်ရှိ ၎င်းတို့တည်းခိုရာအခန်း၌သွားရောက်ပြီး ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါလက္ခဏာများ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြပြီးနောက် ကိုယ်အပူချိန်မြင့်နေသည့် တရုတ်နိုင်ငံသားမှာ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းစသည့် ကိုရိုနာသံသယလက္ခဏာများ မတွေ့ရသဖြင့် ဟိုတယ်တွင် ပုံမှန်စောင့်ကြည့်ရန် မတ်လ (၁၅)ရက်နေ့ညက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါ တရုတ်နိုင်ငံသားများသည် ကိုရိုနာဖြစ်ပွားမှုမြင့်မားသည့် တရုတ်နိုင်ငံမှ လာသည့်ကာလမှာ (၁၄)ရက် မကျော်သေးသည့်အတွက် သီးခြားစောင့်ကြည့်ရန် မတ်လ (၁၆)ရက်နေ့၌ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ မတ်လ (၁၀)ရက်နေ့တွင် စတင်ထွက်ခွာလာပြီး မန်စီမြို့မှတစ်ဆင့် မန္တလေးမြို့သို့ မတ်လ (၁၁)ရက်နေ့တွင်လည်းကောင်း၊ မန္တလေးမြို့မှ တာချီလိတ်မြို့သို့ မတ်လ (၁၂)ရက်နေ့တွင်လည်းကောင်း ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း -ချယ်ရီထိုက်