ထိုင်းဘက်က လျှပ်စစ်မီးအပြင် စက်သုံးဆီပါ ဖြတ်တောက်မည်ဆို၍ တာချီလိတ်မြို့တွင် စက်သုံးဆီ ဝယ်ရခက်နေ

ထိုင်းဘက်က လျှပ်စစ်မီးအပြင် စက်သုံးဆီပါ ဖြတ်တောက်မည်ဆို၍ တာချီလိတ်မြို့တွင် စက်သုံးဆီ ဝယ်ရခက်နေ
ဖေဖော်ဝါရီ 5, 2025 | ရှမ်းရှေ့

 ထိုင်းဘက်က လျှပ်စစ်မီးအပြင် စက်သုံးဆီပါ ဖြတ်တောက်မည်ဆို၍ တာချီလိတ်မြို့ရှိ ဆီပန့်များတွင် ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်အစောပိုင်းက စပြီး နံနက်(၁၁)နာရီကျော်အချိန်အထိ တန်းစီစောင့်ဆိုင်းနေကြရသည့် ကားနှင့်ဆိုင်ကယ် ယာဉ်တန်းများပြားနေပြီး ယာဉ်ကြောပိတ်ဆို့မှုပါ ဖြစ်ပွားနေကြောင်း သိရသည်။

ထိုင်း နှင့် မြန်မာ နယ်စပ်အကြား မြန်မာဘက်တွင် တရုတ်ဂိုဏ်းများ၏ ကျားဖြန့်လုပ်ငန်းများနှင့်တရား မဝင်လုပ်ငန်းများကြောင့် ဟုဆိုကာ ထိုင်းအစိုးရက   ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် အချိန် တစ်နာရီခွဲအကြာ  နိုင်ငံတော်လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ပြုလုပ်ပြီး နယ်စပ်ဒေသ မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်မီးဖြန့်ချိထားမှုကို ပြန်လည် ဖြတ်တောက်ရေး အပြင်  အင်တာနက်လိုင်းနှင့် စက်သုံးဆီပေးပို့ခြင်းများအား ဖြတ်တောက်မည်ဖြစ်ကြောင်း သဘောတူ ဆုံးဖြတ်ခဲ့ကြပြီးနောက် ယနေ့ ဖေဖေဖာ်ဝါရီလ(၅)ရက်နေ့တွင် စတင် ဖြတ်တောက်ခြင်း ဖြစ်သည်။

လတ်တလောတွင် လျှပ်စစ်မီးအား ဖြတ်တောက်ထားပြီဖြစ်ပြီး စက်သုံးဆီ တင်သွင်းမှုကိုပါ ရပ်ဆိုင်းခြင်း ရှိ မရှိကို တာချီလိတ်မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းဘက်က ထုတ်ပြန် အသိပေးထားခြင်းမရှိသေး၍ ဒေသခံများမှ အခြေအနေမှန်ကို မသိရသေးဘဲ ဆီပန့်များတွင် စက်သုံးဆီရရှိရေးအတွက် အများအပြား စောင့်ဆိုင်နေကြခြင်း ဖြစ်သည်။

 

လက်ရှိတွင် တာချီလိတ်မြို့တွင်းရှိ ဆီပန့်များကနေ မြို့ပြင် ဆီပန့်များအထိ ဆီပန့်များရှေ့တွင် တန်းစီစောင့်ဆိုင်းသူ များပြားနေပြီး စက်သုံးဆီ ဝယ်ယူလို့မရတော့သည့် နေရာများရှိနေကြောင်း သိရသည်။

"တချို့ ဆီပန့်တွေမှာတော့ ဝယ်လို့ရသေးတယ်။ တချို့ဆီပန့်တွေမှာတော့ ဝယ်လို့မရတော့ဘူး။ ရတဲ့ ဆီပန့်တွေမှာလည်း ကား၊ ဆိုင်ကယ်တွေကို ဆီပဲဖြည့်ပေးမယ် ပုံးနဲ့လာဝယ်သူတွေကို မရောင်းပေးတော့ဘူးလို့ ပြောတယ်ဗျ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။