ကလေးမြို့နယ်တောင်ပိုင်းရှိ ဆေးခန်းနှင့် စာသင်ကျောင်းကို ဗုံးကြဲချသဖြင့် အရပ်သား ၁၀ ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရ

ကလေးမြို့နယ်တောင်ပိုင်းရှိ ဆေးခန်းနှင့် စာသင်ကျောင်းကို ဗုံးကြဲချသဖြင့် အရပ်သား ၁၀ ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းရှိ ဆေးခန်းနှင့် စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်နှင့် ဒေသခံ(၁၀)ဦးဝန်းကျင် သေဆုံးပြီး (၁၀)ဦးကျော် ဒဏ်ရာရသည်ဟု ကလေးခရိုင်တပ်ရင်းများထံမှ သိရသည်။ 

စစ်ကောင်စီတပ်သည် ကလေးမြို့နယ်တောင်ပိုင်း တင်သားကျေးရွာ ကျေးလက်ဆေးရုံနှင့် ကုက္ကိုလ်ကျေးရွာ စာသင်ကျောင်းတို့ကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မနေ့ညနေ (၅) နာရီကျော်လောက်ပေါ့ နှစ်လုံးကြဲသွားတယ်။ (၉) ဦးသေတယ်လို့ သတင်းရတယ်။ ဒဏ်ရာရတာက များတယ်လို့ သိရတယ်။ (၁၀) ယောက်တော့ ကျော်တယ်ဗျ။ အတိတကျစာရင်းတော့ မရသေးဘူး။”ဟု CDF-KKG မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဗုံးကြဲခံရသဖြင့် သေဆုံးသူများထဲတွင် ကလေးငယ်များလည်းပါအဝင်ပြီး အသက်အရွယ်အပိုင်းအခြားနှင့် စာရင်းအတိတကျကိုမူ မသိရသေးဟု ဆိုသည်။

“တင်သားရွာ ကျေးလက်ဆေးရုံက ဆရာနဲ့ ဆရာမတွေ၊ လူနာတွေကတော့ ဗုံးခိုကျင်းထဲ ရှောင်တိမ်းနိုင်လိုက်တယ်။ ကုက္ကိုလ်ကျေးရွာ စာသင်ကျောင်းကို ကြဲချတာမှာတော့ စစ်ရှောင်တွေ ပါသွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

သေဆုံးသူများထဲတွင် ကလေးငယ်(၄)ဦးနှင့် အမျိုးသမီး(၇)ဦး ပါဝင်သည်ဟုလည်း အဆိုပါ ဒေသခံက ပြောသည်။

“အလောင်းတွေက တစစီ လွင့်စင်နေတာ။ အခုထိ အလောင်းတွေရှာနေဆဲပဲ။ ခြေပြတ်၊ လက်ပြတ်၊ ခေါင်းပြတ် ဖြစ်ကုန်တာပဲ။”ဟု ၄င်းက ဆက်ပြောသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူများမှာ ကလေးမြို့နယ် အင်းကျွန်း၊ ကျောက်ပြုတ်ကျေးရွာများမှဖြစ်ပြီး ၂၀၂၂ ခုနှစ်က စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမီးရှို့ခြင်းကြောင့် တိမ်းရှောင်လာကြသူများဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

#TNA_MAT

Photo: CJ