အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် Maha Kumbh Mela ဟိန္ဒူဘာသာရေးပွဲတော်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့ အာရုဏ်မတက်မီအချိန် လူအုပ်ပြိုလဲမှု ဖြစ်ပွားခဲ့ရာ ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း သိရသည်။
သီတင်း (၆) ပတ်ကြာ ကျင်းပပြုလုပ်သည့် ဟိန္ဒူဘာသာရေးပွဲတော်၏ မင်္ဂလာအရှိဆုံးနေ့တွင် အထွတ်အမြတ်ထားရာ မြစ်ရေထဲသို့စိမ်ရန် လူပေါင်း သန်းနှင့်ချီ စုံရုံးရောက်ရှိနေခဲ့ကြစဥ် လူအုပ်ပြိုလဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လူအုပ်ပြိုလဲမှု ဖြစ်ပွားပြီးနောက် (၁၂) နာရီကြာပြီဖြစ်သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၉) ရက် ညနေပိုင်းအထိ အလောင်းများကို ဒေသခံ Moti Lal Nehru Medical College ဆေးရုံ ရေခဲတိုက်သို့ ယူဆောင်လာကြဆဲဖြစ်ကြောင်း သိရသည်။
အာဏာပိုင်များကမူ သေဆုံးသူ အရေအတွက်ကို ထုတ်ပြန်ခြင်း မရှိသေးဟု ဆိုသည်။
"နောက်ထပ် အလောင်းတွေ ယူလာနေတယ်။ ဒီမှာ အလောင်း (၄၀) နီးပါးရှိနေပြီ။ ဒီအလောင်းတွေကို ကောင်းကောင်းမွန်မွန် ရွှေ့ပြောင်းသယ်ဆောင်ပြီး မိသားစုတွေကို တစ်ခုပြီးတစ်ခု လွှဲပြောင်းပေးသွားမှာပါ" ဟု ရဲသတင်းရင်းမြစ်တစ်ခုက ဆိုသည်။
ရေခဲတိုက် အပြင်ဘက်တွင် အရေးပေါ်ကား (၁၅) စီးရှိနေပြီး ၎င်းတို့၏ ချစ်ရသူများကို ရှာဖွေနေသူများကိုလည်း တွေ့ရသည်။
မျက်မြင်အချို့၏ အဆိုအရ လူအုပ်ကြီးက အရှိန်ပြင်းစွာ တွန်းလိုက်သောကြောင့် ဘာသာရေးပွဲတော်လာသူများ တစ်ဦးပေါ်တစ်ဦး လဲကျသွားသည်ဟု ဆိုသည်။
မြစ်ရေထဲသို့ဆင်းရန် လမ်းကြောင်းများကို ပိတ်လိုက်ရာ လူအုပ်စုကြီမှာ မရွေ့တော့ဘဲ အသက်ရှူမွန်းကျပ်မှုကြောင့် လဲပြိုကျခဲ့ကြကြောင်း အခြားသူများက ပြောကြသည်။
Maha Kumbh Mela ဟိန္ဒူဘာသာရေးပွဲတော်ကို စုစုပေါင်း လူဦးရေ သန်း (၄၀၀) ခန့် လာရောက်ကြမည်ဟု ခန့်မှန်းထားကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။
ထိုအရေအတွက်မှာ ၂၀၂၄ ခုနှစ် ဆော်ဒီအာရေဗီးယားနိုင်ငံ ဟာ့ဂျ်ခရီးစဥ်သို့ လူဦးရေ (၁.၈) သန်း လာရောက်ခဲ့မှုနှင့် နှိုင်းယှဥ်ပါက အလွန်များပြားလှသော အရေအတွက်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး လူသားများ စုရုံးမှုလည်း ဖြစ်သည်။
လွန်ခဲ့သည့် သီတင်း (၂) ပတ်တွင် စတင်ခဲ့သော အဆိုပါ ဟိန္ဒူဘာသာရေးပွဲတော်သို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့အထိ လူပေါင်း သန်း (၂၀၀) နီးပါး လာရောက်ခဲ့ကြကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၉) ရက် တစ်ရက်တည်းမှာပင် အထွတ်အမြတ်ထားရာ မြစ်ရေထဲသို့စိမ်ခဲ့သူ လူ (၅၇) သန်းကျော် ရှိခဲ့ကြောင်းလည်း ၎င်းတို့က ဆိုသည်။
Source: Reuters, CNN