ဒေါ်နယ်ထရမ့် ချေးငွေနှင့် ထောက်ပံ့ကြေး အစီအစဉ် ဆိုင်းငံ့မှုကို ယာယီ ရပ်ဆိုင်းထားရန် တရားသူကြီးက တန်ပြန် အမိန့်ထုတ်

ဒေါ်နယ်ထရမ့် ချေးငွေနှင့် ထောက်ပံ့ကြေး အစီအစဉ် ဆိုင်းငံ့မှုကို ယာယီ ရပ်ဆိုင်းထားရန် တရားသူကြီးက တန်ပြန် အမိန့်ထုတ်
ဇန်နဝါရီ 29, 2025 | နိုင်ငံတကာသတင်း
By Mr John

သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ၏ ဖက်ဒရယ်ချေးငွေများ၊ ထောက်ပံ့ငွေများနှင့် အခြား ငွေကြေးအကူအညီများ ဆိုင်းငံ့ထားရန် အမိန့်ညွှန်ကြားချက်ကို အမေရိကန် တရားသူကြီးတစ်ဦးက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ယာယီ ရပ်ဆိုင်းလိုက်သည်။

ဝါရှင်တန် ဒီစီရှိ ဖက်ဒရယ်တရားရုံးတွင် ကြားနာပွဲတစ်ခုအပြီး  တရားသူကြီး Loren AliKhan က ထရမ့်အစိုးရ အနေဖြင့် ကမ်းလှမ်းထားပြီးသော ဆုကြေးငွေများ သို့မဟုတ် ထုတ်ပေးရန် စီစဉ်ထားပြီးသော ရန်ပုံငွေများကို ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်နေ့အထိ ပိတ်ပင်ခြင်းမပြုရန် အမိန့်ထုတ်ခဲ့သည်။

တရားသူကြီးက သူမ၏ ယာယီ ရပ်ဆိုင်းမိန့်မှာ "လက်ရှိအခြေအနေကို ထိန်းသိမ်းရန်" ရည်ရွယ်ကြောင်း ပြောခဲ့သည်။ 

ယခု တရားရုံးအမိန့်က ထရမ့်အစိုးရကို အစီအစဉ်အသစ်များအတွက် ရန်ပုံငွေများ ရပ်ဆိုင်းခြင်း မပြုရန် တားဆီးထားခြင်း မရှိသလို ပြီးဆုံးသွား‌သော ရန်ပုံငွေ ပေးအပ်မှုများ ပြန်လည်စတင်ရန်လည်း မလိုအပ်ဟု ‌ဆိုသည်။ 

တရားသူကြီး AliKhan က နောက်ထပ် ကြားနာမှုကို ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် စီစဉ်ထားသည်။ 

အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ အမျိုးသားကောင်စီ၊ အမေရိကန်ပြည်သူ့ကျန်းမာရေးအသင်း၊ Main Street Alliance နှင့် SAGE အဖွဲ့အစည်းတို့က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်တွင် U.S. Office of Management and Budget (OMB) ရုံး၏ ယာယီ ညွှန်ကြားရေးမှူးချုပ် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်နှင့် ပတ်သက်၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈) ရက် အ‌စောပိုင်းတွင် တရားစွဲ‌ဆိုခဲ့သည်။

ဖက်ဒရယ်ချေးငွေနှင့် ရန်ပုံငွေများ ဆိုင်းငံ့ထားမည့် ထိုညွှန်ကြားချက်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၈) ရက် အမေရိကန်စံတော်ချိန် ညနေ (၅) နာရီတွင် စတင်သက်ရောက်မည်ဖြစ်ရာ နာရီပိုင်းအလို၌ တရားသူကြီးက ယာယီ ရပ်ဆိုင်းထားရန် အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။

တရားစွဲဆိုသော အဖွဲ့များ၏ အဆိုအရ OMB ထံတွင် ဖက်ဒရယ် ငွေကြေးအကူအညီ အစီအစဉ် အားလုံးကို တဖက်သတ်ရပ်စဲရန် အခွင့်အာဏာ မရှိကြောင်းနှင့် ထိုညွှန်ကြားချက်က အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပထမအကြိမ် ပြင်ဆင်ချက်အရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စည်းရုံးခွင့်တို့အပေါ် အခြေခံ၍ ထောက်ပံ့ငွေ လက်ခံရရှိသူများကို ပစ်မှတ်ထားကြောင်းလည်း သိရသည်။

OMB ၏ ယာယီ ညွှန်ကြားရေးမှူးချုပ် Matthew Vaeth ကမူ ရီပါပလီကန်သမ္မတ ထရမ့် အစိုးရက ထောက်ပံ့ငွေများနှင့် ချေးငွေများကို သမ္မတ၏ ဦးစားပေးများနှင့် ကိုက်ညီမှုရှိ မရှိ ပြန်လည်သုံးသပ်နေစဉ် အစီအစဉ်ကို ဆိုင်းငံ့ထားမည်ဟု ပြောခဲ့သည်။ 

အမေရိကန်နိုင်ငံသားများအတွက် အရေးပါသော အကျိုးကျေးဇူးများ ရရှိစေသည့် အစီအစဉ်များကို ထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဟု ထရမ့်အစိုးရက ဆိုသည်။

သီးခြားဖြစ်စဉ်တစ်ခုအဖြစ် ဒီမိုကရက်တစ်ပါတီ အားကောင်းသော ပြည်နယ် (၂၂) ခုနှင့် ဒီစီ (District of Columbia) မှ ရှေ့နေချုပ်များ အဖွဲ့က Rhode Island ပြည်နယ် Providence မြို့တွင် ထရမ့်အစိုးရ၏ ရန်ပုံငွေရပ်ဆိုင်းမှုကို တားဆီးရန် တရားစွဲဆိုခဲ့‌ကြောင်း သိရသည်။ 

 

Source: Reuters

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...