တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အပတ်စဉ်(၃) ဗိုလ်သင်တန်းကျောင်းသားများအား ရာထူးတင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ယနေ့ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်လာသည်။
ရာထူးတင်ပွဲ အခမ်းအနားကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး TNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်နှင့် ဒုတိယစစ်ဦးစီး ဗိုလ်မှူးချုပ်တားနာည်အေး အပါအဝင် အပတ်စဥ် (၃) ATA ဗိုလ်သင်တန်းသား (၇၅)ဦး၊ TOAT အပတ်စဥ် (၅) သင်တန်းသား (၁၃၀)ဦးအပြင် ဒေသခံပြည်သူများ စုစုပေါင်း (၂၅၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
“တအာင်းပြည်တွင်းရှိ မိဘပြည်သူများ၏ ဘေးကင်းလုံခြုံရေး၊ တအာင်းဒေသကာကွယ်နိုင်ရေးနှင့် အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးရရှိအောင် ကြိုးပမ်းရမည်”ဟု TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်က ပြောကြားခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြထားရှိသည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှေ့တန်းစစ်မြေပြင်တွင် ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ဗိုလ်လောင်း (၂)ဦးမှာ ကျဆုံးခဲ့ရသည့်အတွက် ရာထူးတင်အခမ်းအနားသို့ ဗိုလ်လောင်း (၇၅)ဦးသာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ဗိုလ်သင်တန်းကျောင်းပြီးသွားသည့် ဗိုလ်လောင်းများသည် PSLA/TNLA ၏ ဌာနအသီးသီးတို့တွင် တာဝန်ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။
Photo - TNLA