ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ

ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ် ထောင့်ချိန်ရွာကို စစ်ကောင်စီတပ်က ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့ ညပိုင်းတွင် ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ သေဆုံး၊ ဒဏ်ရာရသူများရှိသည်ဟု သိရသည်။ 

စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်ဖြင့် ကျောက်နီမော်တိုက်နယ် ထောင့်ချိန်ရွာကို ယမန်နေ့ ည(၁၁)နာရီ(၈) မိနစ်တွင်တစ်ကြိမ်နှင့် ည(၁၁)နာရီ (၁၂)မိနစ်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သည်ဟု ဆိုသည်။ 

ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲပြီး ဒုတိယအကြိမ်တွင် စာသင်ကျောင်းကို ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။  

ဗုံးကြဲခံရသဖြင့် ဘုန်းကြီးကျောင်းတွင်နေသည့် ကိုကြာပီ (၂၆)နှစ် ထိမှန် သေဆုံးပြီး ဒေသခံ နှစ်ဦးလည်း ဒဏ်ရာရထားသည်ဟု ကနဦးသတင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၈)ရက်နေ့ကလည်း စစ်ကောင်စီသည် ကျောက်နီမော်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ မီးလောင်ပျက်စီးပြီး နေအိမ်ပေါင်း (၃၉၈)လုံး မီးလောင်ကျွမ်းကာ သေဆုံးသူ (၂၆)ဦးနှင့် အလတ်စားနှင့် ပြင်းထန် ဒဏ်ရာရသူ (၁၂)ဦး၊ အသေးစား(အပေါ့စား)ဒဏ်ရာရရှိသူ (၁၅)ဦးအထက်ရှိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

AA သည် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့မှ စတင်ကာ ရမ်းဗြဲမြို့ကို တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ (၁၁)ရက်နေ့တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကာ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်နှင့် မြို့ပေါင်း (၁၉)မြို့နှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။

#TachileikNewsAgency

#TNA_MAT

Photo:ဇန်နဝါရီလ (၈)ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို ဗုံးကြဲချသွားစဉ်  (ပုံဟောင်း)