မြန်မာ - ထိုင်းနယ်အနီး မယ့်ဖားလုံဒေသတွင် ထိုင်းစစ်တပ်နှင့် မူးယစ်သယ်သည့်အဖွဲ့ ပစ်ခတ်မှုဖြစ်ပြီး မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မြန်မာ - ထိုင်းနယ်အနီး မယ့်ဖားလုံဒေသတွင် ထိုင်းစစ်တပ်နှင့် မူးယစ်သယ်သည့်အဖွဲ့ ပစ်ခတ်မှုဖြစ်ပြီး မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ   ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်၊ မယ့်ဖားလုံဒေသတွင် ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့က မူးယစ်ဆေးသယ်လာသည့်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဆေးဝါးများကို သိမ်းဆည်းရရှိကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ထားသည်။

 ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့အကူး  နံနက်အစောပိုင်း  (၂)နာရီဝန်းကျင်တွင် ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့က လူ (၂၅)ဝန်းကျင်ခန့်ပါဝင်သည့် ကျောပိုးအိတ်များလွယ်လာသည့်အဖွဲ့အား စစ်ဆေးရန် သတိပေးတားမြစ်စဉ် ပစ်ခတ်မှု စတင်ဖြစ်ပွားသည်ဟု သိရသည်။

အပြန်အလှန်ပစ်ခတ်မှု (၁၀)မိနစ်ဝန်းကျင် ဖြစ်ပွားပြီးနောက်မူးယစ်ဆေးဝါးသယ်ဆောင်လာသူများမှာ ထွက်ပြေး လွတ်မြောက်သွားသော်လည်း  ပစ်ခတ်မှုဖြစ်ပွားရာနေရာတဝိုက်တွင် ကျောပိုးအိတ်အလုံးရေ (၂၂)လုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအိတ် (၂၂)လုံးအနက် (၁၈)လုံးတွင် အိုက်စ်ဟုခေါ်သည့် မူးယစ်ဆေးများဖြစ်နေသည်ကို တွေ့ရပြီး ကျန် (၄)လုံးတွင် မက်သာအက်ဖီတမင်းစိတ်ကြွဆေးပြားများကို တွေ့ရကြောင်း သိရသည်။

အဆိုပါ ကျောပိုးအိတ် (၂၂)လုံးမှ အိုက်စ် (၅၄၀) ကီလိုဂရမ်နှင့် မက်သာအက်ဖီတမင်းဆေးပြား (၈)သိန်းနီးပါးကို သိမ်းဆည်းရမိကြောင်း သိရသည်။

ဇန်နဝါရီလ(၂၂)ရက်နေ့ကလည်း တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာအုပ်စု၏ တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကော်ချန့်ဒေသတွင် မူးယစ်ဆေးသယ်သည့်အဖွဲ့တစ်ဖွဲ့နှင့် အလားတူ ပစ်ခတ်မှုဖြစ်ပြီး မက်သာအက်ဖီတမင်း စိတ်ကြွဆေးပြားပေါင်း (၈)သိန်း ဖမ်းမိခဲ့သည်။

မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ယင်းကဲ့သို့ မူးယစ်ဆေးသယ်သည့်အဖွဲ့များနှင့် ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့အကြား မကြာခဏ ပစ်ခတ်ဖမ်းဆီးမှုများ ဖြစ်ပွားလေ့ရှိသည်။

 

Photo: Chiangrai Public Relation Office