အာဆီယံအလှည့်ကျဥက္ကဌအနေနှင့် မလေးရှားနိုင်ငံ တာဝန်ကျခြင်းသည် မြန်မာပြည်သူများ၏ စစ်မှန်သော သဘောထားကို ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းသစ်တစ်ခုဖြစ်စေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Dato'Seri Anwar Ibrahim ထံ သ၀ဏ်လွှာပေးပို့ရာတွင် ယာယီသမ္မတက ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
သဝဏ်လွှာထဲတွင် မလေးရှား နှင့် မြန်မာနှစ်နိုင်ငံကြားက ဆက်ဆံရေးသည် ခိုင်မြဲအရေးပါပြီး အာဆီယံမှတဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွဲလုပ်ဆောင်လိုကြောင်းလည်း ပြောဆိုထားသည်။
၂၀၂၅ ခုနှစ်တွင် စစ်တပ်သည် တိုင်းပြည်၏ နယ်မြေထဲမှ (၂၅) ရာခိုင်နှုန်းထက် လျော့နည်းပြီးသာ ထိန်းချုပ်ထားနိုင်ပြီး အဆိုပါ ရာခိုင်နှုန်းသည်လည်း နေ့စဉ်နှင့်အမျှ လျော့နည်းလျှက်ရှိကာ စစ်ကောင်စီကင်းစင်သွားသည့် နေရာဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားအင်အားစုများသည် အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်းကိုလည်း ပြောဆိုထားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် စစ်ကောင်စီက အစီအစဉ်ချပြီး တရားမ၀င်သည့် အတုအယောင်ရွေးကောက်ပွဲတခုကို ပြုလုပ်ရန် ကြိုးစားနေခြင်းသည် မြန်မာနိုင်ငံ၏ အခြေအနေများအတွက် နိုင်ငံရေးအဖြေတခုဖြစ်လာမည်မဟုတ်ဘဲ ၊ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ပိုမိုများပြားလာစေကာ အိမ်နီးချင်းနိုင်ငံများကိုပါ မတည်မငြိမ်ဖြစ်စေသည်အထိ သက်ရောက်လာလိမ့်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။
အာဆီယံအလှည့်ကျဥက္ကဌအနေနှင့် မလေးရှားနိုင်ငံ တာဝန်ကျခြင်းသည် မြန်မာပြည်သူများ၏ စစ်မှန်သော သဘောထားကို ဖော်ဆောင်နိုင်မည့် ရှင်းလင်းပြတ်သားသော ခြေလှမ်းများပေါ်ပေါက်ရေးအတွက် အခွင့်အလမ်းသစ်တစ်ခုကို ဖြစ်စေပြီး အဆိုပါ ခြေလှမ်းများတွင် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ တိုင်းရင်းသားအဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် တရားဝင်ပိုမိုထိတွေ့ဆက်ဆံကာ မြန်မာပြည်သူလူထု၏ စစ်မှန်သော သဘောထားနှင့်လိုက်လျောညီထွေမှုရှိသော အဖြေများကို ရှာဖွေခြင်းလည်း ပါဝင်လာနိုင်ရန် မျှော်လင့်ကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
မြန်မာပြည်တွင် ရွေးကောက်ပွဲကျင်းပရေးထက် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန်ကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း အာဆီယံအထူးကိုယ်စားလှယ်အသစ် မစ္စတာ တန်ဆရီ အော်မန်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
#TachileikNewsAgency
#TNA_MAT