အမေရိကန်ပြည်ထောင်စုတွင် သုံးစွဲသူ သန်း (၁၇၀)ကျော်ရှိနေသည့် Tiktok ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့မှစ၍ အသုံးပြုခွင့် ပိတ်ပင်သွားပြီဖြစ်သည်။
ရွေးကောက်ခံသမ္မတ ထရမ့်က ၎င်းအနေဖြင့် တစ်တော့ (Tiktok)၏ အယူခံရက်ကာလကို ရက်ပေါင်း (၉၀)အထိ ထပ်တိုးပေးဖွယ်ရှိသည်ဟု သတင်းဌာနများကို ပြောကြားထားပြီး တစ်တော့ကလည်း အသုံးပြုသူများထံ အသိပေးချက်တွင် ၎င်းတို့အနေဖြင့် လတ်တလော ဥပဒေအရ ပိတ်ပင်ထားသော်လည်း သမ္မတ ထရမ့်တာဝန်ယူချိန်တွင် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ဖေါ်ပြထားသည်။
ByteDance ကုမ္ပဏီအနေဖြင့် ၎င်း၏ထုတ်ကုန် တစ်တော့ကို အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့ နောက်ဆုံးထားပြီး မရောင်းချပါက ပြည်ထောင်စုအဆင့် ပိတ်ပင်သွားမည်ဟု တရားရုံးက ဆုံးဖြတ်ချက်ချထားခြင်းဖြစ်သည်။
တစ်တော့ ကို အမေရိကန်ပြည်ထောင်စုတွင် သုံးစွဲခွင့်ပိတ်ပင်ရန် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ပြည်ထောင်စုတရားရုံးတွင် တရားစွဲဆိုခံရပြီးနောက် ဒီဇင်ဘာလ (၇)ရက်နေ့က စစ်ဆေးဆုံးဖြတ်ရာတွင် တစ်တော့မှတစ်ဆင့် တရုတ်အစိုးရက အချက်အလက် စုဆောင်းခြင်း သို့မဟုတ် အကြောင်းအရာများကို ခြယ်လှယ်ခြင်း လုပ်ဆောင်နိုင်ခြေနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း တရားရုံးက တွေ့ရှိခဲ့သဖြင့် အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်သည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့မတိုင်မီ အယူခံဝင်ရန် တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တရားရုံးဆုံးဖြတ်ချက်အရ ဇန်နဝါရီလ (၁၉)ရက်နေ့မှစ၍ တစ်တော့ကို ဆက်လက်သုံးစွဲခွင့်ပြုသည့် နည်းပညာကုမ္ပဏီများအနေဖြင့် ဘီလျီယံနှင့်ချီ၍ ဒဏ်ကြေးဆောင်ကြရဖွယ်ရှိနေခြင်းဖြစ်သည်။
ရွေးကောက်ခံသမ္မတ ထရမ့်သည် တစ်ချိန်က တစ်တော့ ကို ဝေဖန်သူတစ်ဦးဖြစ်သော်လည်း ၂၀၂၄ ခုနှစ် မတ်လတွင် သဘောထားပြောင်းသွားခဲ့ကာ တစ်တော့အား ပိတ်မည့်ကိစ္စကို ပယ်ဖျက်ရန် စဉ်းစားမည်ဟု အရိပ်အမြွက်ပြောကြားမှုများ ရှိလာခဲ့သည်။
ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများက ABC News သတင်းဌာနကို ယခင် ပြောကြားထားမှုအရ TikTok အနေဖြင့် အမေရိကန် အသုံးပြုသူများ၏ အချက်အလက်ကို တရုတ်အစိုးရနှင့် မျှဝေခဲ့သည် သို့မဟုတ် တရုတ်အစိုးရက ထိုသို့ မျှဝေရန် TikTok ကို ပြောဆိုထားသည်ဆိုသော အထောက်အထား အနည်းငယ်ရှိသည်ဟု ပြောကြားထားသည်။
TikTok က ပိတ်ပင်မှုကို အရေးပေါ် ဆိုင်းငံ့ပေးရန်အတွက် အမေရိကန် တရားရုံးချုပ်ထံ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် လျှောက်ထားခဲ့ပြီး ယင်းနေ့မှာပင် TikTok စီအီးအို Shou Chew နှင့် ထရမ့်တို့ တွေ့ဆုံခဲ့ကြသည်။
ယင်းနေ့အစောပိုင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင်လည်း ထရမ့်က သမ္မတရွေးကောက်ပွဲတွင် လူငယ်မဲဆန္ဒရှင်များထံမှ မဲရရှိရန် ကူညီပေးမှုအတွက် ၎င်း၏ ရင်ထဲတွင် TikTok အတွက် နွေးထွေးသော နေရာတစ်ခုရှိထားသည်ဟုလည်း တင်စားပြောထားခဲ့သည်။
TikTok အသုံးပြုမှုကို အကန့်အသတ်ဖြင့်ဖြစ်စေ၊ လုံးဝပိတ်ပင်ခြင်းဖြစ်စေ နည်းလမ်းမျိုးစုံဖြင့် ပိတ်ပင်ထားသည့် နိုင်ငံပေါင်း (၃၀)အထက်တွင်ရှိနေပြီဖြစ်ပြီး တရုတ်နိုင်ငံတွင် TikTok ကိုအသုံးပြုခွင့်ပေးမထားဘဲ ၎င်းတို့ပြည်တွင်းအတွက် သီးသန့်ထုတ်လုပ်ထားသည့် Douyin ကိုသာ အသုံးပြုခွင့်ပေးထားခြင်းဖြစ်သည်။
#TachileikNewsAgency