စစ်တပ်အာဏာသိမ်းပြီး လေးနှစ်နီးပါးကာလအတွင်း မြန်မာပြည်နေရာအနှံ့တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် အသက်မပြည့်သေးသူ ကလေးတစ်ထောင်နီးပါး သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ၀န်ကြီးဌာနထံမှ သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကလေး (၉၈၃)ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှ ကလေး (၃၀၀)ဦး သေဆုံးခဲ့ကာ အများဆုံးဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ၂၀၂၁ ခုနှစ်တွင် ကလေး (၉၅)ဦး ၊ ၂၀၂၂ ခုနှစ်တွင် (၁၇၇)ဦးနှင့် ၂၀၂၃ ခုနှစ်တွင် ကလေး (၃၅၅)ဦး သေဆုံးခဲ့ပြီး ၊ ကလေး သေဆုံးမှုသည် မြန်မာပြည်အတွင်း သေဆုံးမှုအားလုံးအနက် (၁၁.၄) ရာခိုင်နူန်းအထိရှိကြောင်း သိရှိသည်။
သေဆုံးသူများတွင် အသက်မပြည့်သေးသူ ကလေး ယောက်ျားလေး (၅၀)ရာခိုင်နူန်းကျော်နှင့် မိန်းကလေး (၃၀)ရာခိုင်နူန်းကျော်ပါဝင်နေပြီး ကျား/ မ ဖော်ပြနိုင်ခြင်းမရှိသူ (၁၁)ရာခိုင်နူန်း ပါဝင်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ် ပုဏ္ဏကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် စစ်ဘေးဒုက္ခသည် ပြည်သူ (၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နိုင်ငံအနှံ့တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၊ ကလေးနှင့် လူငယ် စုစုပေါင်း (၈၆၂၈)ဦး သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ၀န်ကြီးဌာန၏ အချက်အလက် ကောက်ယူမှုအရ သိရသည်။
နိုင်ငံအနှံ့တွင် စစ်ကောင်စီတပ်သည် စစ်ရှုံးလာသည်နှင့်အမျှ အရပ်ဘက်နှင့် စစ်ဘက်မခွဲခြားဘဲ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ၊ အဆိုပါ တိုက်ခိုက်မှုများကြောင့် ကလေးငယ်များ ထိခိုက်သေဆုံးလျှက်ရှိကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:Ministry of Women, Youth and Children Affairs