အာဏာသိမ်း စစ်ကောင်စီက ဦးစိုင်းလုံးဆိုင် အား စစ်ကောင်စီ(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် အဖြစ်ကနေ ကျန်းမာရေးအရေ တာဝန်ကနေ ထုတ်ပယ် အနားပေးလိုက်ကြောင်း ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာလာသည်။
အသက်(၇၈)နှစ်ဝန်းကျင်ရှိ ဦးစိုင်းလုံးဆိုင်သည် ပြည်သူ့ကောင်စီခေတ်ကာလက ကျိုင်းတုံမြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို စစ်တပ်၏ ကြောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးဖြစ်ပြီး ပထမအကြိမ် နှင့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌလည်း ဖြစ်ခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ပြည်သူ့အာဏာကို သိမ်းလိုက်ပြီးနောက် စစ်ကောင်စီ ဗဟိုအဖွဲ့တွင် တိုင်းရင်းသားများ ပါဝင်သည်ဟု ပြည်သူများ ထင်မှတ်စေရန် ဦးစိုင်းလုံးဆိုင်အား အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားလိုက်သည်။
၂၀၂၁ခုနှစ်ကနေ ၂၀၂၃ခုနှစ်အထိ ဦးစိုင်းလုံးဆိုင်အား စစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင်အဖြစ် တာဝန်ပေးထားပြီးနောက် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင် အဖြစ်ကနေ ထုတ်ပယ်ပြီး ဗဟိုအကြံပေးအဖွဲ့၏ အဖွဲ့ဝင်အဖြစ်သာ ထားရှိသည်။
ယခုအခါတွင် စစ်ကောင်စီက ဦးစိုင်းလုံးဆိုင်အား ကျန်းမာရေးအရဟုဆိုကာ ဗဟိုအကြံပေး အဖွဲ့ဝင်ဖြစ်ကနေပါ ထုတ်ပယ် အနားပေး လိုက်သည့်အတွက် စစ်ကောင်စီ ဗဟိုအဖွဲ့တွင် ရှမ်းတိုင်းရင်းသား ပါဝင်ခြင်း မရှိတော့သည်ကို တွေ့ရသည်။
ဦးစိုင်းလုံးဆိုင်သည် အာဏာသိမ်း စစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင်အဖြစ် ပါဝင်လာပြီးနောက် ၂၀၂၁ ခုနှစ် မေလ (၁၈) ရက်နေ့တွင် အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်တို့၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းခံထားရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ကောင်စီအဖွဲ့တွင် နှင့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်နေရာများတွင် အရပ်သားများကို နေရာပေးထားကြောင်းနှင့် အဆိုပါနေရာများတွင် တိုင်းရင်းသားများကို နေရာပေးထားကြောင်း ပြသလို၍ ၂၀၂၁ခုနှစ် အာဏာသိမ်းအစတွင် လုပ်ဆောင်ပြသထားသော်လည်း နောက်ပိုင်းတွင် တဖြေးဖြေးနှင့် အရပ်သားများကို ထုတ်ပယ်ပြီး စစ်တပ်က အဆင့်မြင့်အရာရှိကြီးများနှင့် အစားထိုးလိုက်သည်။