မိုင်းလားတပ်ဖွဲ့က မိုင်းယောင်းမြို့နယ်အတွင်း လာရောက်ပြီး စည်းရုံးရေး ဆင်းသည့်အတွက် စစ်ကောင်စီဘက်က ကန့်ကွက်

 မိုင်းလားတပ်ဖွဲ့က မိုင်းယောင်းမြို့နယ်အတွင်း လာရောက်ပြီး စည်းရုံးရေး ဆင်းသည့်အတွက် စစ်ကောင်စီဘက်က ကန့်ကွက်
ဇူလိုင် 24, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်အတွင်း မိုင်းလား၏ တပ်ဖွဲ့ဖြစ်သည့် NDAA  ဝင်ရောက်လာခြင်းမှာ  စည်းရုံးရေး ပြုလုပ်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ကန့်ကွက်သည့်အတွက် ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

" (၂၂)ရက်နေ့ကတော့ NDAA မိုင်းလားတပ်ဖွဲ့က မိုင်းယောင်းမြို့နားမှာရှိတဲ့ ဝမ်တုံဘုန်းကြီးကျောင်းမှာ နယ်ကျော်ပြီး စည်းရုံးရေးလာ ဆင်းတယ်ပြောတယ်။ အင်အားကတော့ (၁၀)ယောက်လောက်တော့ ရှိတယ်တဲ့။ သတင်းတွေတော့ တက်နေတယ်။ သတင်းကြားတော့ ဒေသခံတွေလည်း လှန့်နေကြတာ။ လောလောဆယ် ဘာမှမဖြစ်သေးဘူး။ နေရာတွေ ယူထားတာတော့ မတွေ့ဘူး။"ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မိုင်းယောင်းမြို့နယ်အတွင်း၊ ဝမ်မန်းကျေးရွာအုပ်စု ဝမ်တုံရွာရှိ ဝမ်တုံဘုန်းကြီးကျောင်းတွင် ၂၀၂၄ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့က လာရောက်ပြီး စည်းရုံးရေးဆင်းသည့်အတွက် စစ်ကောင်စီတပ်ဘက်က ကန့်ကွက်၍ ညနေပိုင်းမှာပင် ပြန်လည်ထွက်ခွာသွားကြောင်း သိသည်။

"တြိဂံဒေသတိုင်း စစ်ဌာနချုပ်ကလည်း  NDAA ဆက်ဆံရေးရုံးတာဝန်ခံကို ဖုန်းနဲ့ရော စာနဲ့ပါ အကြောင်းကြားပြီး ချက်ချင်းပြန်ဆုတ်ဖို့ ကန့်ကွက်ပြောခဲ့တယ်လို့ပြောတယ်။ ဒီလိုကန့်ကွက်ပြောကြားခဲ့တဲ့အတွက် NDAA မိုင်းလားအဖွဲ့ဟာ ဝမ်တုံကျေးရွာကနေ ညနေပိုင်းမှာ ချက်ချင်းဆုတ်ခွာသွားတယ်"ဟု သတင်းရင်းမြစ် တစ်ဦးက Tachileik News Agency သို့ ဇူလိုင်လ(၂၄)ရက်နေ့တွင် ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ Tachileik News Agency အနေဖြင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( National Democratic Alliance Army - NDAA )ဘက် တာဝန်ရှိသူများထံ မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။

မိုင်းယောင်းမြို့သည် ယခင်က တာချီလိတ်ခရိုင်လက်အောက်တွင်ရှိသော်လည်း နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် စစ်ကောင်စီ၏ ခရိုင်တိုးချဲ့ဖွဲ့စည်းမှုများကြောင့် မိုင်းယောင်းမြို့သည် မိုင်းယောင်းခရိုင်အဖြစ် ပြောင်းလဲသွားသည့် ဒေသဖြစ်ပြီး မိုင်းယောင်းမြို့တွင် အများအားဖြင့် ရှမ်းတိုင်းရင်းသား အများဆုံးနေထိုင်ကြပြီး ဒုတိယအနေဖြင့် အာခါတိုင်းရင်းသားများပြားသည်။