တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (၁,၀၀၀)တန် ငွေစက္ကူအတု သုံးစွဲမှုများ ဆက်လက်ရှိနေဆဲ ဖြစ်၍ သတိပြုရန် လိုအပ်နေ

တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (၁,၀၀၀)တန် ငွေစက္ကူအတု သုံးစွဲမှုများ ဆက်လက်ရှိနေဆဲ ဖြစ်၍ သတိပြုရန် လိုအပ်နေ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ စက္ကူအတု သုံးစွဲနေမှုများ ရှိနေဆဲဖြစ်၍ သတိထား စိစစ် လက်ခံကြရန်  ဒေသခံများ အချင်းချင်း သတိပေးနေရကြကြောင်း သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့တွင် တာချီလိတ်မြို့တွင်းရှိ ဆိုင်တစ်ဆိုင်သို့ ထိုင်းဘတ်ငွေ (၁,၀၀၀)တန် အတုဖြင့် ဈေးလာဝယ်ရာ ဆိုင်ရှင်က ငွေစက္ကူကို သေချာ စိစစ်ရာမှ အတုမှန်း သိ၍  အဆိုပါ ငွေစက္ကူမှာ အတုဖြစ်နေကြောင်းကို ငွေအတု ယူလာသူအား အသိပေးလိုက်သည်ဟု ၎င်းက လူမှုကွန်ရက်တွင် သတိပေး မျှဝေထားသည်။

"သူ့ကို ငွေက အတုတွေလို့ ပြောလိုက်တော့ သူမသိဘူးတဲ့။ အလုပ်ဆိုက်က ထုတ်ပေးတာပြောတယ်။ အိတ်ထဲမှာ (၂၀,၀၀၀)ဝန်းကျင်လောက်ပါတယ်။"ဟု ငွေစက္ကူအတု စိစစ်တွေ့ရှိရသူက ယနေ့ ဇန်ဝါရီလ(၈)ရက်နေ့တွင် အများ သတိပြုနိုင်ရန် လူမှုကွန်ရက်တွင် သတိပေးမျှဝေထားသည်။

အဆိုပါ ငွေစက္ကူအတုများတွင် ငွေကြိုးပါဝင်ခြင်း မရှိသလို အတုမှန်း သိသာသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ဈေးသည်အများအပြားမှာ ယခုလို ထိုင်းဘတ်ငွေ စက္ကူအတုများကို မကြာခဏ လက်ခံ ရရှိနေသည်များရှိနေပြီး ငွေစက္ကူအတုကို တမင်သက်သက် အသုံးပြုသူများမှာ ဆိုင်အတွင်း လူများနေချိန် နှင့် လူရှုပ်နေချိန်များကို စောင့်ဆိုင်းပြီးမှ ဈေးလာဝယ်လေ့ရှိကြောင်း သိရသည်။

"ကျွန်တော့်တုန်းက ဘတ်(၁,၀၀၀)တန် နှစ်ရွက်ကို  သေချာ မစစ်လိုက်ရဘူး။ နောက်မှ အတုမှန်း သိလိုက်ရတယ်။ ဆိုင်မှာ လူရှုပ်နေချိန် ညနေခင်းအချိန်ဆိုတော့ သေချာ သတိထား မစစ်မိလိုက်တာလည်း ပါတယ်။ တာချီလိတ်မှာတော့ ငွေအတုတွေ အတော်များနေတယ်လို့ ထင်တာပဲ။ ကျွန်တော့် မိတ်ဆွေလည်း (၁,၀၀၀)တန် အတု (၁၄)ရွက်တောင် ရဖူးတယ်"ဟု ဖုန်းဆိုင်ပိုင်ရှင် တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (၁,၀၀၀)တန် ငွေစက္ကူအတုများကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ်အတွင်းကလည်း သုံးစွဲသူများရှိခဲ့ပြီး တချီလိတ်မြို့မဈေးအတွင်း နှင့် မြို့တွင်း ဖုန်းဆိုင်များ၊ ကုန်စုံဆိုင်များ အပါအဝင် စားသောက်ဆိုင်အချို့၌ လက်ခံရရှိမှုများရှိခဲ့ပြီး ယခု နှစ် ဇန်ဝါရီလပထမပတ်တွင်လည်း လက်ခံရရှိနေကြောင်း သိရသည်။

 "ဆိုင်မှာ ကုန်ခြောက်လာဝယ်သူ (၃)(၄)ယောက်လောက်ရှိနေချိန်မှာ ဘတ်(၁,၀၀၀)တန် တစ်ရွက်နဲ့ ဈေးလာဝယ်တယ်၊ ကျွန်မလည်း သေချာ မစစ်လိုက်မိဘူး။ ပြီးမှ အတုဆိုတာ သိလိုက်ရတယ်။ အတုလက်ခံရရှိတော့ ဘာမှလည်း လုပ်လို့မရဘူးလေ။ ဒီတိုင်းပဲ ထားလိုက်ရတော့တာပေါ့။ တာချီလိတ်မှာ ငွေအတုတွေ အရင်ကထက် ပိုဆိုးနေတယ်။"ဟု မြို့မဈေးအတွင်းမှ ကုန်ခြောက်ဆိုင်ပိုင်ရှင် တစ်ဦးကလည်း ပြောပြသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မြန်မာကျပ်ငွေထက် ထိုင်းဘတ်ငွေကိုသာ အဓိက အားထား အသုံးပြုနေခြင်းဖြစ်သည့်အတွက်   ဒေသခံများမှာ ငွေအတုများ လက်ခံရရှိလာတိုင်း လူမှုကွန်ရက်ပေါ်တွင် ပြန်လည်ဖော်ပြပြီး အချင်းချင်း သတိပေး မျှဝေလေ့ရှိကြသည်။

ငွေစက္ကူအတုများမှာ များသောအားဖြင့် အတုအစစ် သိသာစေသော်လည်း အချို့သော ငွေစက္ကူအတုများမှာ စိစစ်ရခက်သည့်အတွက် တာချီလိတ်မြို့မှ  ဆိုင်ရှင်တော်တော်များများသည် ငွေစက္ကူ အတုအစစ် စစ်ဆေးနိုင်သည့် ဘောပင်များကို ဝယ်ထားလေ့ရှိပြီး မသင်္ကာသည့် ငွေစက္ကူများကို အဆိုပါ ဘောပင်များဖြင့် စစ်ဆေးလေ့ရှိကြောင်း သိရသည်။

"ငွေအတုတွေနဲ့ ပတ်သက်ပြီး အတုအစစ် သတိထားနိုင်ဖို့ စစ်လို့ရတဲ့ ဘောပင်တွေ ဝယ်လို့ရတယ်။ တာချီလိတ်မြို့တွင်းက စာရေးကိရိယာဆိုင် တော်တော်များများနဲ့ အချို့ ကုန်စုံဆိုင်တွေမှာ ရှိတတ်တယ်။ အဲ့ဘောပင်ကို မသုံးတတ်ရင် သူတို့ကို သုံးနည်းပါ မေးလို့ရတယ်။ ဈေးနှုန်းက သိပ်မကြီးဘူး။ ဈေးသည်တွေနဲ့ ဆိုင်ရှင်တွေအနေနဲ့ မဝယ်ရသေးရင်တော့ အဲ့လို ဘောပင်တွေကို ဝယ်ဆောင်ထားသင့်တယ်"ဟု ဆိုင်ရှင် တစ်ဦးက အကြံပြုပြောဆိုသည်။

တာချီလိတ်မြို့တွင် မြန်မာကျပ်ငွေထက် ထိုင်းဘတ်ငွေကိုသာ အဓိက အားထား အသုံးပြုသလို   ထိုင်းဘတ်ငွေ၏ လွှမ်းမိုးမှုမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယု၊ ကျိုင်းလပ်၊ မိုင်းဆတ် နှင့် မိုင်းတုံမြို့များအထိ သက်ရောက်မှုရှိပြီး ကျိုင်းတုံမြို့တွင်လည်း ထိုင်းဘတ်ငွေ၏ လွှမ်းမိုးမှု အနည်းငယ်ရှိကြောင်း သိရသည်။