ရှမ်းပြည်နယ်ရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ယန်းတွင် ကျပ်သိန်းပေါင်း (၉,၀၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့က ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရာ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူမှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ဖြစ်နေကြောင်း သိရသည်။
"စိုင်းရွှေအောင်ဆိုတာက ယမ်းမိုင်ကျေးရွာအုပ်စုရဲ့ ပြည်သူ့စစ် ခေါင်းဆောင်ပါ။ တာချီလိတ်လာတော့ လက်နက်ပါလာတယ်။ စစ်ဆေးရေးအဖွဲ့က လက်နက်ကို တွေ့တော့ သူက ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ကြောင်း ပြောတဲ့အခါ ဟိုက လက်မှတ်ပြခိုင်းတော့ လက်မှတ် မပါလာလို့ မပြနိုင်ဘူး။ လက်မှတ်ရှိရင်တောင် လက်နက်ကို နယ်ကျော်ကိုင်ခွင့်မရှိဘူး။ အဲ့တော့ စစ်ဆေးရေးအဖွဲ့က ဆက်ပြီး စစ်လိုက်တော့ ကားထဲမှာ ပါလာတဲ့ မူးယစ်ဆေးဝါးတွေကို တွေ့သွားတယ်။"ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ပြောပြသည်။
စိုင်းရွှေအောင်(ထမ်းမဝမ်း) နှင့် အိုက်ကော်ခမ်းတို့သည် MITSUBISHI PAJERO မော်တော်ယာဉ်ဖြင့် မိုင်းပျဉ်းမြို့နယ်ကနေ တာချီလိတ်မြို့နယ်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာစဉ် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့က ဖမ်းခံရခြင်း ဖြစ်ကြောင်း သိရသည်။
ကားအတွင်းမှ စုစုပေါင်းအလေးချိန် (၁၁၅)ကီလိုရှိ အိုက်စ်(မက်သ်အဖက်တမင်း)များဖြစ်ပြီး ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၉,၂၀၀)တန်ဖိုးရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူမှာ စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး ဖြစ်နေခြင်းကြောင့် စစ်တပ်၏ ပုံရိပ်ကို ထိခိုက်မည်ဆိုး၍ သတင်းထုတ်ပြန်ရာတွင် စိုင်းရွှေအောင်မှာ ပြည်သူ့စစ်ခေါင်ဆောင် တစ်ဦးဖြစ်ကြောင်းနှင့် လက်နက်ပါရှိကြောင်း ကိုတော့ သတင်းထုတ်ပြန်ရာတွင် မဖော်ပြထားဘဲ ထိန်ချန်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်ခေါင်းဆောင် စိုင်းရွှေအောင်သည် စက်တင်ဘာလ(၁၆)ရက်နေ့က မိုင်းပျဉ်းမြို့နယ်အတွင်း ယမ်းမိုင်ကျေးရွာရှိ အိုက်ဝန်းနေအိမ်တွင် မူးယစ်ဆေးဝါး တွေ့ရှိရသည့် ဖြစ်စဉ်နှင့် ဆက်စပ်မှုရှိသလို ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့က တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း စိုင်းဆွေဆိုင်း၏ နေအိမ်တွင် ဖမ်းမိသည့် မူးယစ်ဆေးဝါးများနှင့်လည်း ဆက်စပ်မှုရှိသည်ဟု မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သတင်းရင်းမြစ်များထံက သိရသည်။