ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၅) ကို ယနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ နံနက် (၉)နာရီခွဲတွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။
နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၅) မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းအဖွဲ့များဖြစ်သည့် RSO ၊ ARSA၊ ARA တို့နှင့် နခခ (၅) အနီးပတ်ဝန်းကျင်နှင့် မောင်တောဒေသတလျှောက်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု AA က ဆိုသည်။
စစ်ကောင်စီနှင့် RSO၊ ARSA၊ ARA ပူးပေါင်းအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ် နတ်မြစ်တလျှောက်၌ စက်လှေ ၊ မော်တော်ဘုတ် ၊ လောင်းလှေများဖြင့် ထွက်ပြေးရန် ကြိုးစားနေသည့်အတွက် နတ်မြစ် (ရခိုင်ပြည်ဘက်အခြမ်း ရေပိုင်နက်)အတွင်း ရေကြောင်းခရီးသွားလာမှုများကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း AA က ထုတ်ပြန်သည်။
မောင်တောမြို့နယ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၅) ကို သိမ်းပိုက်ပြီးနောက် ၁၆၈ မိုင် ရှည်လျှားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတခုလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်နိုင်ပြီဖြစ်သည်။
ယမန်နေ့ ဒီဇင်ဘာလ (၇) ရက်နေ့ကလည်း ရခိုင်ပြည်နယ် အမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုသာ သိမ်းရန်ကျန်ရှိပြီး အမ်းမြို့နယ်တခုလုံးရှိ စစ်ကောင်စီ၏ တပ်ရင်းများအပါအဝင် စခန်းပေါင်း (၃၀) ကျော်ကို သိမ်းပိုက်ထားကြောင်း AA က ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo:နခခ-၅ အနီးရှိ မကျီးချောင်း နယ်ခြားစောင့်စခန်းအား AA က ဇူလိုင်လတွင် သိမ်းပိုက်ခဲ့စဥ် (ပုံဟောင်း)