ကျောက်မဲမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် အရပ်သား ၁၀ ဦး သေဆုံး ၂၀ ဦးဒဏ်ရာရ

ကျောက်မဲမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် အရပ်သား ၁၀ ဦး သေဆုံး ၂၀ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သား(၁၀)ဦး သေဆုံးပြီး (၂၀)ဦး ဒဏ်ရာရရှိသွားသည်ဟု TNLAထံမှ သိရသည်။

ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်တွင် လေကြောင်းက ပေါင်(၅၀၀) ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

“သေဆုံးသူတွေရဲ့ အသက်အရွယ် အပိုင်းအခြား စီစစ်မှုကတော့ မပြီးသေးပါဘူး။”ဟု TNLA စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ည(၁၀)နာရီတွင် ပြောသည်။

ဒဏ်ရာရရှိသူများကို ဆေးရုံပို့ဆောင်ထားရပြီး သေဆုံးသူများကို ရှာဖွေရှင်းလင်းနေရဆဲဟုလည်း ဆိုသည်။ 

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုသည် TNLA တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ထုတ်ပြန်ပြီး (၅)ရက်အကြာတွင် တိုက်ခိုက်ခြင်းဖြစ်သည်။

၁ဝ၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း TNLA နှင့် မဟာမိတ်များက ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဇွန်လ (၂၅)ရက်နေ့ကစတင်တိုက်ခိုက်ပြီး တစ်လကျော်ကြာတွင် မြို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ကျောက်မဲမြို့သည် ရပ်ကွက်(၉)ခုရှိပြီး ဒေသခံများမှာ မြို့နှင့် (၁၀)မိုင်ခန့်ဝေးသည့် နောင်ပိန်၊ စခန်းသာ စသည့် ကျေးရွာများအပြင် တောင်ကြီး၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့များအထိ ထွက်ပြေးခဲ့ရသည်။ 

TNLA က ကျောက်မဲမြို့ကို သိမ်းပြီးနောက် ဒေသခံများမှာ ရပ်ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြပြီး အေးချမ်းသည့်အခြေအနေရှိသော်လည်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကို စိုးရိမ်နေခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

နောင်ချိုမြို့ကိုလည်း စစ်ကောင်စီတပ်က နိုဝင်ဘာလအတွင်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့်  အရပ်သား (၁၈)သေဆုံးပြီး (၃၄)ဦးဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Photo:PSLF/TNLA NEWS