စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) ပူးပေါင်းတပ်စခန်းများအားလုံးကို KIA တပ်မဟာ(၉)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိသည်ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် SNA တပ်တို့ အခြေချသည့် ဆိုင်းပန်တပ်စခန်း၊ ရွှေတွင်းရွာရှိ တပ်စခန်းနှင့် ရာလာတီး ကျေးရွာမှ တပ်စခန်းများကို သိမ်းပိုက်ရာက မူးယစ်ဆေးဝါးများကို သိမ်းဆည်းရရှိသည်ဟု ဆိုသည်။
“အဲဒီတပ်စခန်းတွေက စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ပြည်သူဆီကနေ မတရား အခွန်ကောက်စားနေတဲ့စခန်းတွေဖြစ်တယ်။ ပြည်သူ့စစ် တပ်မဟာ (၁)ဖွင့်ဖို့လည်း ကြိုးပမ်းနေတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။
ရွှေတွင်းရွာမှ တပ်စခန်းသည် SNA ခေါင်းဆောင် ဦးဆိုင်းပန် နေထိုင်သည့်ရွာ ဖြစ်ပြီး KIA က တိုက်ခိုက်ရှင်းလင်းရာ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရရှိခြင်းဖြစ်သည်ဟုဆိုပြီး ပမာဏမည်မျှ သိမ်းဆည်းရရှိသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပါ။
“မူးယစ်ဆေးအသုံးပြုတဲ့ သက်သေခံပစ္စည်းတွေ၊ ဘိန်းဖြူ၊ ယာမဆေးပြားတွေကို ရရှိထားပါတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
KIA သည် ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးအားစီမံချက် ဖော်ဆောင်နေရာ ယခုသိမ်းပိုက်ရရှိသည့် ဒေသကို စံပြမူးယစ်ကင်းလွတ်နယ်မြေအဖြစ် ဖော်ဆောင်မည်ဟုလည်း သိရသည်။
SNA သည် ကချင်ပြည်နယ်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော်စသည့် မြို့နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဟုမ္မလင်း၊ ခန္တီးနှင့် ဗန်းမောက် စသည့် မြို့နယ်များတွင် အခြေပြုလှုပ်ရှားသည်။
SNA ကို တပ်မဟာ(၄)ခု၊ ဗဟိုဌာနချုပ်တစ်ခုတို့ဖြင့် ဖွဲ့စည်းထားပြီး တပ်မဟာများမှာ တပ်မဟာ(၉၇၂)၊ တပ်မဟာ(၈၉၁)၊ တပ်မဟာ(၇၅၃)နှင့် တပ်မဟာ(၆၁၄)တို့ပါဝင်သည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်က စစ်ကောင်စီကို တော်လှန်သည့် PDF တပ်များအား လေ့ကျင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပဋိပက္ခများဖြစ်လာကာ စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ပြည်သူ့စစ်အဖြစ် ရပ်တည်လာသည်။
#TachileikNewsAgency
Photo:CJ