မင်းတပ်မြို့အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေ

မင်းတပ်မြို့အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေ

ချင်းပြည်နယ် မင်းတပ်မြို့အတွင်း ချင်းညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတို့အကြား ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း မင်းတပ်မြို့နယ်  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“လောလောဆယ် မင်းတပ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်နေတယ်။ အဲ့လောက်ပဲပြောလို့ရပါသေးတယ်”ဟု မင်းတပ်မြို့နယ်  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဆလိုင်းယောမာန်က ပြောသည်။

မင်းတပ်မြို့ပေါ်ရှိ တိုက်ပွဲအခြေအနေများနှင့် ပက်သက်ပြီး ချင်းညီနောင်မဟာမိတ်(Chin Brotherhood Alliance) အနေဖြင့် မကြာမီအချိန်အတွင်း တရားဝင် စာထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုဝင်ဘာလ (၉)ရက်နေ့ မနက်ပိုင်းကစတင်ပြီး မင်းတပ်မြို့ပေါ်တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီမှ အရပ်သားနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း စစ်ကောင်စီမှ မင်းတပ်မြို့နယ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု (၇၇)ကြိမ် ပြုလုပ်ခဲ့ပြီး မင်းတပ်မြို့ရှိ ပြည်သူနေအိမ် (၃၀)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDF Mindat အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရ သိရသည်။

မင်းတပ်မြို့ပေါ်ရှိ တိုက်ပွဲအခြေအနေများနှင့် ပက်သက်ပြီး Chin Defence Force – Mindat သို့ Tachileik News Agency က ဆက်သွယ်မေးမြန်းရာတွင် တိုက်ပွဲအခြေအနေ အသေးစိတ်ကို လတ်တလော ဖြေကြား၍ မရသေးကြောင်း ပြန်လည်အကြောင်းပြန်သည်။

မင်းတပ်မြို့သည် ချင်းပြည်နယ်တောင်ပိုင်း ချင်းတောင်ခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး မင်းတပ်မြို့နယ်၏ အရှေ့ဘက်တွင် မကွေးတိုင်း ယောဒေသ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ် ၊ တောင်ဘက်တွင် ကန်ပက်လက်မြို့နယ်နှင့် အနောက်ဘက်တွင် မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့ တည်ရှိပြီး စစ်ရေးအရ အချက်အခြာကြသည့် မြို့တခုလည်းဖြစ်သည်။

#TachileikNewsAgency

Photo: စစ်ကောင်စီတပ်သားများကို မင်းတပ်မြို့တွင် တွေ့ရစဥ် (ပုံဟောင်း)