ဒီမိုကရေစီအစိုးရလက်ထက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ကို ဆေးရုံတင်ထားရချိန် လွတ်ငြိမ်းခွင့်ပြု

ဒီမိုကရေစီအစိုးရလက်ထက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ကို ဆေးရုံတင်ထားရချိန် လွတ်ငြိမ်းခွင့်ပြု
အောက်တိုဘာ 29, 2024 | နိုင်ငံရေးသတင်းများ

စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ဒီမိုကရေစီအစိုးရလက်ထက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဝင်းခိုင်အား ကျန်းမာရေးမကောင်း၍ ဆေးရုံတင်ထားချိန် စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီက ခန့်အပ်သည့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကို အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် မန္တလေးတိုင်း အိုးဘိုထောင်တွင်း ထောင်ဒဏ်(၂၈)နှစ်ချထားပြီးနောက် ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံသို့ပို့ဆောင်ထားရချိန် စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးသည်ဟု ဝန်ကြီးနှင့်နီးစပ်သူများက ဆိုသည်။

“နှလုံးရောဂါလို့တော့ သိထားရတယ်။ ထောင်ထဲမှာ အမောဖောက်ပြီး မူးလဲလို့‌ ထောင်ပြင်ပဆေးရုံမှာ ဆေးကုသနေရတာကြာပြီ။ အခုတော့ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပြုတယ်လို့ သိထားရပါတယ်။”ဟု ဝန်ကြီးနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အသက်(၇၃)နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးဦးဝင်ခိုင်သည် စစ်ကောင်စီအာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခံခဲ့ရကာ နိုင်ငံ့ဘဏ္ဍာငွေ ကျပ်(၆)ဘီလီယံခန့် နစ်နာမှုကြောင့်ဟုဆိုပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ(၅၅)ဖြင့် စစ်ကောင်စီက ထောင်ဒဏ် (၂၈)နှစ်ချမှတ်ထားခြင်းဖြစ်သည်။ 

ဦးဝင်းခိုင်သည် NLD အစိုးရအဖြစ်လက်ခံရယူစဉ်က ဆောက်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ပြောင်းလဲတာ ဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာလ (၆)ရက်နေ့ကလည်း အိုးဘိုထောင်မှ ပြင်ပဆေးရုံသို့တက်ရောက်ကုသခဲ့ရကာ ကွယ်လွန်သွားခဲ့သည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း မကွယ်လွန်ခင်တွင်  လွတ်ငြိမ်းခွင့်ပေးကြောင်း လာရောက်ဖတ်ကြားခဲ့သေးသည်။

#TachileikNewsAgency