ကန်ဘလူရှိ ငှက်ပျောတိုင်းရွာနှင့် လျှော်ဖြူကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ရာ နေအိမ် ၃၅လုံး ပျက်စီး

ကန်ဘလူရှိ ငှက်ပျောတိုင်းရွာနှင့် လျှော်ဖြူကုန်းရွာကို စစ်ကောင်စီတပ် မီးရှို့ရာ နေအိမ် ၃၅လုံး ပျက်စီး
နိုဝင်ဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ဇီးကုန်းတိုက်နယ်၊ ငှက်ပျောတိုင်းရွာနှင့် ကိုးတောင်ဘို့တိုက်နယ် လျှော်ဖြူကုန်းရွာတို့အား စစ်ကောင်စီတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်(၃၅)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ယင်းနေ့နံနက်ပိုင်းတွင် ဇီးကုန်းတိုက်နယ်အတွင်းရှိ ငှက်ပျောတိုင်းဓာတ်အား‌ပေးရုံ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မီးရုံးမြောက်ဘက်ရှိ ဒေသခံများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်(၅)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ငှက်ပျောတိုင်းရွာမီးရုံး၌ အထိုင်ချတပ်စွဲထားသည်မှာ တစ်လခွဲခန့်ရှိနေပြီဖြစ်ပြီး ငှက်ပျောတိုင်းကျေးရွာ၊ ခအုံးတာနှင့် ပေကြီးရွာတို့မှ  ဒေသခံများလည်း စစ်ဘေးရှောင်နေရသည်မှာ (၂)လနီးပါး ရှိနေပြီဟု သိရသည်။

ယင်းနေ့တွင်ပင် ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ လျှော်ဖြူကုန်းရွာအား ကိုးတောင်ဘို့အထိုင် ခြေမြန်တပ်ရင်း(၃၆၃)နှင့် ပျူစောထီး စုပေါင်းအင်အား (၈၀)ဝန်းကျင်က စတုတ္ထအကြိမ်မြောက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံး (၃၀) မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

လျှော်ဖြူကုန်းရွာသည် ကိုးတောင်ဘို့အထိုင်နှင့် နီးကပ်သောကြောင့် အမြဲစစ်ကြောင်းထိုးခံရပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်အပြင် ဒေသခံများလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရဖူးသည်ဟု သိရသည်။

လျှော်ဖြူကုန်းရွာသည် အိမ်ခြေ (၂၆၀)ရှိသည့် ကျေးရွာဖြစ်ပြီး ၂၀၂၂ခုနှစ် (၆)လပိုင်းတွင် စစ်ကောင်စီတပ်များ၏ ပထမအကြိမ် အကြမ်းဖက်မီးရှို့ရာ နေအိမ် (၁၂၀)၊ ၂၀၂၂ ခုနှစ် (၉)လပိုင်းတွင် ဒုတိယအကြိမ်မီးရှို့ရာ နေအိမ်(၂)လုံး၊ ၂၀၂၃ခုနှစ် (၄)လပိုင်းတွင် တတိယအကြိမ် မီးရှို့ရာ နေအိမ်(၆၀)နှင့် ယခု စတုတ္ထအကြိမ်မြောက် မီးရှို့ခံရ၍ နေအိမ် (၃၀) စုစုပေါင်း နေအိမ် (၂၁၂)လုံးထိ မီးလောင်ပျက်စီးခဲ့ရသည်။

ထို့အပြင် ၂၀၂၂ခုနှစ် (၁၁)လပိုင်းတွင် စစ်ကောင်စီတပ်သည်  ဒေသခံ (၁၄)ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်ထဲတွင် လျှော်ဖြူကုန်းရွာမှ အသက်မပြည့်သေးသည့် ကလေးအပါအဝင် (၁၃)ဦးနှင့် ဇီးကနားရွာမှ တစ်ဦးတို့ပါဝင်ခဲ့သည်။ 

ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ဒေသခံများမှာ ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်မနေထိုင်ကြတော့ဘဲ အမြဲစစ်ဘေးရှောင်အဖြစ် နေထိုင်ကြသည်မှာ (၁)နှစ်နှင့် (၈)လကြာပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့