ကလေးမြို့အကျဉ်းထောင်မှ လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးအား စစ်ကောင်စီမှ ဥပဒေမဲ့ ပြန်လည်ဖမ်းဆီး

ကလေးမြို့အကျဉ်းထောင်မှ လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးအား စစ်ကောင်စီမှ ဥပဒေမဲ့ ပြန်လည်ဖမ်းဆီး

စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်အကျဉ်းထောင်မှ ပြန်လည်လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား တဦးအား စစ်ကောင်စီမှ ဥပဒေမဲ့ ပြန်လည်ဖမ်းဆီးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့ထံမှ သိရသည်။

ကလေးမြို့ မော်လိုက်အကျဉ်းထောင်မှ (၅၀၅) ဖြင့် ဖမ်းဆီးခံရပြီး ရက်ပြည့်၍  ပြန်လည် လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကိုဇော်မင်းထက်ကို စစ်ကောင်စီတပ်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မော်လိုက်အကျဉ်းထောင်မှ လွတ်သည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို မိသားစုဝင်များထံ ချက်ခြင်းမပို့ဆောင်ဘဲ ကလေးမြို့မရဲစခန်းနှင့် ကလေးမြို့ရှိ ဒကစမှ စစ်သားများပေါင်း၍ ငွေတောင်းခံလေ့ရှိပြီး မပေးနိုင်သူများအား အကြောင်းပြချက် အမျိုးမျိုးဖြင့် ပြန်လည်ဖမ်းဆီးပြီး မတရားပုဒ်မများကပ်၍ အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်လျှက်ရှိကြောင်း သိရသည်။

ကိုဇော်မင်းထက် လွတ်သည့်နေ့တွင်လည်း အကျဉ်းထောင်မှတဆင့် မလွတ်ပေးခဲ့ပဲ မြို့မရဲစခန်းကို ပို့ဆောင်၍ ချုပ်နှောင်ခဲ့ပြီးနောက် ကလေးမြို့ ဒကစ သို့ ပို့ဆောင်၍ တစ်ပတ်ခန့် ဥပဒေမဲ့ ချုပ်နှောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုဇော်မင်းထက်ကို  ထပ်တိုးပုဒ်မများဖြစ်သည့် မတရား ပုဒ်မ ၅၂-က နှင့် ၅၀-ည တို့ဖြင့် ထပ်မံတရားစွဲဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုလုပ်ရပ်သည် ဥပဒေမဲ့လုပ်ရပ်ဖြစ်သည့်အပြင် ငွေကြေးမရ၍ ထပ်မံချုပ်နှောင်ခြင်းဖြစ်ပြီး လူသားတစ်ဦး၏ လွတ်လပ်စွာသွားလာခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်များကိုပင် အကြောက်တရားများဖြင့် ဖိနှိပ်၍ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်ခံ‌နေရခြင်းဖြစ်ကြောင်း PPNM က ဆိုသည်။

ထို့ကြောင့် မတရားပုဒ်မများဖြင့် စွပ်စွဲခံထားရပြီး ဖမ်းဆီးခံရသူ ကိုဇော်မင်းထက်အား အမြန်ဆုံး မိသားစုထံ ပို့ဆောင်ရန် တောင်းဆိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် မှ အသိပေးထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency