ရှမ်းတောင်နှင့် ကရင်နီတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လကျော်အတွင်း အရပ်သား ၂၀ ကျော်သေဆုံး

ရှမ်းတောင်နှင့် ကရင်နီတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လကျော်အတွင်း အရပ်သား ၂၀ ကျော်သေဆုံး
အောက်တိုဘာ 10, 2024 | 2021 Military Coup| ကယား| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်၊ ဒီမော့ဆိုမြို့နယ်များအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လကျော်အတွင်း အရပ်သား (၂၁)ဦးသေဆုံးကာ (၄၅)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း ဖယ်ခုံမြို့နယ်မှ စစ်ဘေးရှောင်စခန်းအား ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်မှုဖြစ်စဉ်လည်း ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၆)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အထိ ကာလလအတွင်း အဆိုပါဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများအား ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (Karenni Civil Society Network)က အောက်တိုဘာလ (၉)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အထိ ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်း-ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသည့် အရပ်သားစုစုပေါင်း (၅၆၆)ဦးရှိပြီဖြစ်ကြောင်း အဆိုပါကွန်ရက်၏ မှတ်တမ်းအရ သိရသည်။

ယင်းအပြင် အရပ်သား ထိခိုက်ဒဏ်ရာရသူပေါင်း (၆၇၈)ဦး၊ ဖမ်းဆီးခံရသူပေါင်း (၃၇၄)ဦးနှင့် အဆောက်အအုံပေါင်း (၁၅၆၇)လုံး ပျက်စီးခဲ့ကြောင်း မှတ်တမ်းရရှိထားသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် ၎င်းတို့မထိန်းချုပ်နိုင်တော့သည့်ဒေသများ၌ အရပ်သားနေရာများကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အရပ်သားသေဆုံးမှု မြင့်တက်လာနေခြင်းဖြစ်သည်။

#TachileikNewsAgency