ဘူးသီးတောင်နှင့် မောင်တောတွင် AA နှင့် မူဆလင် လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ် 

ဘူးသီးတောင်နှင့် မောင်တောတွင် AA နှင့် မူဆလင် လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲဖြစ် 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ရွှေထားရွာ အနောက်ဘက်၌ ARSA လက်နက်ကိုင်များ စခန်းချနေထိုင်နေသာ တပ်စခန်းတစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့တွင် တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးကြောင်း AA က ယနေ့ အောက်တိုဘာလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ARSA စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့ကိုလည်း သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

စခန်းမှ ထွက်ပြေးလွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံရှင်းလင်း နေသည်ဟုလည်း ထုတ်ပြန်ထားသည်။ 

မောင်တောမြို့နယ်တွင်လည်း နယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေကြသော AA တပ်ဖွဲ့ဝင်များနှင့် RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့ AA က သိမ်းပိုက်ထားသည့် လိပ်ရစခန်း အနီး၌ အောက်တိုဘာလ (၆)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။ 

RSO အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် လိပ်ရစခန်းအနီးတွင် စခန်းချနေထိုင်ရာက တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းတို့ထံမှ စစ်ကောင်စီက ထောက်ပံ့ပေးထားသည့် MA-2 (၁) လက်၊ G3 (၂) လက်၊ ကျောပိုးအိတ် (၁၂)လုံးနှင့် စစ်အသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

ARSA နှင့် RSO အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များသည် ယခုရက်များအတွင်း အကြမ်းဖက်လုပ်ရပ်များကို ခပ်စိပ်စိပ်ပြုလုပ်လာသောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်လုံခြုံရေးဆိုင်ရာ သတိအပြည့်ဖြင့် နေထိုင်ကြရန်၊ မသွားမဖြစ်သွားလာရမည့်ခရီးများတွင် လုံခြုံရေးသတိအပြည့်ဖြင့် စောင့်ကြည့်ကြရန် AA က သတိပေးတိုက်တွန်းထားသည်။

#TachileikNewsAgency

Photo:AA Info Desk