ဖယ်ခုံမြို့နယ်တွင် ဘုရားဆင်းတုတော်များ၏ ဦးခေါင်းတော်ဖြတ်သူများကို ပြင်းထန်စွာအရေးယူမည်ဟု KNDF ဆို 

ဖယ်ခုံမြို့နယ်တွင် ဘုရားဆင်းတုတော်များ၏ ဦးခေါင်းတော်ဖြတ်သူများကို ပြင်းထန်စွာအရေးယူမည်ဟု KNDF ဆို 

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် လအိကျေးရွာတွင် ဗုဒ္ဓဆင်းတုတော်များ၏ ဦးခေါင်းတော်များ ဖြတ်ထားသည့် လုပ်ရပ်မှာ နိုင်ငံရေး၊ ဘာသာရေး အဓိကရုဏ်းကို ဦးတည်စေရန် ဖန်တီးလုပ်ဆောင်နေခြင်းဖြစ်၍ ဥပဒေအရ ပြင်းထန်စွာ အရေးယူဖြစ်ကြောင်း KNDF ဖယ်ခုံတပ်ရင်းထံမှ သိရသည်။ 

လအိကျေးရွာရှိ ဘုရားစေတီတစ်ဆူ၌ တည်ထားကိုးကွယ်သော ဘုရားဆင်းတုတော်များအားလုံး ဦးခေါင်းတော် ဖြတ်ခံထားရသည့် ဗီဒီယိုတစ်ခုသည် ယမန်နေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့က လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့လာခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ရပ်ကို တော်လှန်အင်အားစုများဖြစ်ကြသော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စစ်ဗျူဟာ အမှတ်(၁)နှင့် စစ်ဗျူဟာအမှတ်(၈)တို့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာ ဘုရားဆင်းတုတော်များကို ယခုကဲ့သို့ ဆိုးရွားစွာ ဖျက်ဆီးခြင်းသည် တော်လှန်ရေးအားကောင်းသော ၎င်းတို့နယ်မြေ၌ နိုင်ငံရေး၊ ဘာသာရေး အဓိကရုဏ်းကို ဦးတည်စေရန် ဖန်တီးလုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

 

ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် လအိကျေးရွာရှိ အုပ်ချုပ်ရေးတာဝန်ခံများနှင့်ပူးပေါင်းကာ အဆိုပါဖြစ်ရပ်ကို ကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေအရ ပြင်းထန်သောအပြစ်ပေးမှုများ လုပ်ဆောင်သွာမည်ဟု သိရသည်။

#TachileikNewsAgency