အာဆီယံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်ကို ပြန်လည်သုံးသပ်ရန် အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့ တောင်းဆို

အာဆီယံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်ကို ပြန်လည်သုံးသပ်ရန် အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့ တောင်းဆို
အောက်တိုဘာ 2, 2024 | နိုင်ငံရေးသတင်းများ

အာဆီယံအစည်းအဝေး (၅၀၀) ကျော်ကို စစ်အုပ်စုတက်ရောက်ခဲ့ပြီးနောက်ပိုင်း အာဆီယံတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုခွင့်ကို ပြန်လည်သုံးသပ်ရန် အရပ်ဘက်အဖွဲ့အစည်း (၂၃၇)ဖွဲ့မှ တောင်းဆိုလိုက်ကြောင်း Defend Myanmar Democracy အဖွဲ့၏ ယနေ့  ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံသည် ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ပေးရန် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

စစ်အုပ်စု၏ အဆင့်မြင့်ကိုယ်စားလှယ်များသည် ဝန်ကြီးအဆင့်အစည်းအဝေး (၂၀) ကျော်ကို တက်ရောက်ခဲ့ပြီး ထိုအစည်းအဝေးများတွင် ကာကွယ်ရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊  ခရီးသွားလာရေး၊ ဒစ်ဂျစ်တယ်ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်မှုခင်း စသည်တို့နှင့်စပ်လျဉ်းသော အစည်းအဝေးများ အပါအဝင်ဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါ အစည်းအဝေးများသို့  မင်းအောင်လှိုင်၊ စိုးဝင်း၊ မြထွန်းဦး၊ မိုးမြင့်ထွန်း၊ တင်အောင်စန်း၊ မိုးအောင်၊ ခင်မောင်ရီ၊ ကံဇော်၊ အောင်နိုင်ဦး အစရှိသည့် စစ်အုပ်စုခေါင်းဆောင်အပါအဝင် စစ်အုပ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

“အာဏာသိမ်းကြိုးပမ်းမှုဖြစ်စဉ် စတင်ကတည်းက စစ်အုပ်စု ခန့်အပ်ထားသူမှန်သမျှဟာ စစ်အုပ်စုရဲ့ကိုယ်စားလှယ်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ် မဟုတ်ပါဘူး။ ဗုံးကြဲလိုက်၊ ညှင်းပန်းနှိပ်စက်လိုက်နဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်အုပ်စုကို အာဆီယံက အစည်းအဝေး ဖိတ်ကြားတာဟာ အင်မတန် တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ပါတယ်။” ဟု Defend Myanmar Democracy အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုနော်အောင်က ပြောဆိုသည်။

အဆိုပါ စစ်အုပ်စုကိုယ်စားလှယ်များနှင့် ၎င်းတို့ ထိန်းချုပ်ထားသည့် အဖွဲ့အစည်းဌာနများကို အာဆီယံ၏ မိတ်ဖက်နိုင်ငံများဖြစ်သည့် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ နှင့်သြစတြေးလျ နိုင်ငံတို့က အရေးယူပိတ်ဆို့မှုများချမှတ်ထားကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

တစ်ချိန်ထဲတွင်ပင် "နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ကိုယ်စားလှယ်" အား ဖိတ်ကြားသည့် ဆုံးဖြတ်ချက်သည် အဆင့်မြင့်အစည်းအဝေးများသို့ စစ်အုပ်စု ကိုယ်စားလှယ်အား စေလွှတ်ခွင့် ပေးခြင်းဖြစ်သောကြောင့် အာဆီယံသည် စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ခြင်းပင်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက အသိပေးထားသည်။

“နိုင်ငံကိုထိန်းချုပ်ဖို့ ကြိုးစားပြီး အစိုးရအဖြစ်ပုံဖော်ဖို့ လုပ်ကြံဖန်တီးနေတဲ့ စစ်အုပ်စုရဲ့ အားထုတ်မှုကို အာဆီယံက အထောက်အပံ့ ပေးနေတာပဲ ဖြစ်တယ်။ အာဆီယံဟာ မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေမှုကို ယိုင်လဲပျက်ပြားအောင် လုပ်နေတာပဲ ဖြစ်ပါတယ်။ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ရမှာ ဖြစ်ပါတယ်။”ဟု Defend Myanmar Democracy အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုနော်အောင်က ပြောဆိုသည်။

အောက်တိုဘာလ (၆) ရက်နေ့တွင် စတင်ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်အုပ်စု၏ ကိုယ်စားလှယ်အားလုံးကို ဖယ်ထုတ်၍ အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာပြည်သူများ၏ ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားရန် အရပ်ဘက်အဖွဲ့အစည်း (၂၃၇) ဖွဲ့က အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး ဝန်ကြီးများသို့ တောင်းဆိုသည့် အိပ်ဖွင့်ပေးစာကို ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါပေးစာတွင် အာဆီယံအစည်းအဝေးများသို့ စစ်အုပ်စုအဖွဲ့ဝင်များ၏ လတ်တလော တက်ရောက်မှုအ‌ခြေအနေများအကြောင်းကို အသေးစိတ်ဖော်ပြထားကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးသည် အမြင့်ဆုံး မူဝါဒချမှတ်သည့် အစုဖွဲ့ဖြစ်သောကြောင့် မြန်မာနိုင်ငံအား မည်သူကိုယ်စားပြုခွင့် ရှိသည်ဆိုသည်နှင့် စပ်လျဉ်းသည့်ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ရန်နှင့် ဆုံးဖြတ်ချက်ပြောင်းလဲချမှတ်ရန် အရပ်ဘက်အဖွဲ့အစည်း (၂၃၇)ဖွဲ့မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ တောင်းဆိုထားကြောင်း သိရသည်။

#TachileikNewsAgency