အတင်းအဓမ္မ စုဆောင်းထားပြီး အင်အား တစ်သောင်းခွဲ ရှိသည်ဟုဆိုသည့် ပြည်သူ့စစ်အင်အားကို ပေါမူဒေသတွင် PNO အင်အားပြသ

အတင်းအဓမ္မ စုဆောင်းထားပြီး အင်အား တစ်သောင်းခွဲ ရှိသည်ဟုဆိုသည့် ပြည်သူ့စစ်အင်အားကို ပေါမူဒေသတွင် PNO အင်အားပြသ

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း တောင်ကြီး၊ ဟိုပုံး၊ ရပ်စောက်ရှိ ဒေသခံများအား ပြည်သူ့စစ်တပ်ဖွဲ့ဝင်အဖြစ် အတင်းအဓမ္မ စုဆောင်းထားသည့် PNO က အင်အားတစ်သောင်းခွဲဖြင့် အင်အားပြခြင်းကို ပေါမူဒေသ၌ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၃၀) ရက်နေ့တွင် ပြုလုပ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

PNO ၏ အထူးဒေသ (၆) မြင့်မိုရ်တိုင်းတစ်ခုလုံးအတွက် စုဆောင်းထားသည့် ပြည်သူ့စစ်အင်အားကို ယခင်က စက်တင်ဘာလ(၁၁)ရက်နေ့ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း ယင်းနေ့သည် မြန်မာပြက္ခဒိန်တွင် ပြဿဒါးနေ့ ဖြစ်သဖြင့် ရက်နောက်ဆုတ်ကာ စက်တင်ဘာလ (၃၀)ရက်နေ့ကို ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

PNO သည် အင်အားတစ်သောင်းခွဲပြသရန် အသက်(၃၅)နှစ် အထက်နှင့် (၅၀)နှစ်အောက်ရှိ မြင့်မိုရ်တိုင်းတစ်ခုလုံးရှိ ဒေသခံများကို ကိုယ့်စရိတ်နှင့်ကိုယ် တက်ရောက်ရန် အတင်းအဓမ္မတပ်သားစုဆောင်းခဲ့ခြင်းဖြစ်ဟုလည်း အမည်မဖော်လိုသည့် ဒေသခံများက Tachileik News Agency ကိုပြောသည်။

“ကိုယ့်ပိုက်ဆံနဲ့ကိုယ် စစ်ဝတ်စုံ၊ ဖိနပ်၊ ဦးထုပ်ဝယ်ရတယ်။ စစ်ဝတ်စုံအတွက် တစ်ဦးကို (၅)သောင်းတောင်းတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို စက်တင်ဘာလ (၃၀)ရက်နေ့တွင် ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အထူးဒေသ(၆) မြင့်မိုရ်တိုင်းသည် ကလော၊တောင်ကြီး၊ တာချီလိတ် လမ်းမကြီး၏ မြောက်ဘက်ဒေသကို သတ်မှတ်ထားသည့်အတွက် တောင်ကြီး၊ ဟိုပုံးနှင့် ရပ်စောက် စသည့်မြို့များပါဝင်သည်ဟု သိရသည်။

ယနေ့ အင်အားပြသည့်  PNO ၏ ပြည်သူ့စစ်အင်အားမှာ တစ်သောင်းခွဲရှိသည်ဟု ဆိုသော်လည်း တစ်သောင်းခွဲ ရှိ၊ မရှိကိုတော့ မည်သူမှ အတိအကျမသိရပေ။

#TachileikNewsAgency