ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်းရှိ ကျေးရွာများတွင် ရေကြီးရေလျှံမူများဖြစ်ပေါ်နေပြီး ဒေသခံအမြောက်အများ အရေးပေါ်အကူအညီများနှင့် ဆေးဝါးများ လိုအပ်နေ

ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်းရှိ ကျေးရွာများတွင် ရေကြီးရေလျှံမူများဖြစ်ပေါ်နေပြီး ဒေသခံအမြောက်အများ အရေးပေါ်အကူအညီများနှင့် ဆေးဝါးများ လိုအပ်နေ
စက်တင်ဘာ 22, 2024 | အခြားဒေသများ

ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်းရှိ ကျေးရွာများတွင် ရေကြီးရေလျှံမူများဖြစ်ပေါ်နေပြီး ဒေသခံအမြောက်အများ အရေးပေါ်အကူအညီများနှင့် ဆေးဝါးများ လိုအပ်နေကြောင်း KNU ဗဟိုထံမှ သိရသည်။

ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့မှ ယနေ့အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး၊ မြန်မာပြည် အထက်ပိုင်းမှ ရေတာတမံများကျိုးခြင်းတို့ကြောင့် ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

ညောင်လေးပင်ခရိုင်အတွင်းရှိ လယ်ဒိုမြို့နယ်၊ မူးမြို့နယ်နှင့် ဆောထိမြို့နယ် စုစုပေါင်း နယ်မြေ (၃)ခု အတွင်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၂၈၉)ရွာ၊ အိမ်ခြေ (၃၂,၂၄၆)လုံး ၊ လူဦးရေ (၁၆၈,၄၂၇) ဦး သဘာဝဘေးအန္တရာယ်ဒဏ် ကြုံတွေ့နေရကြောင်း သိရသည်။

လွန်ခဲ့သည့် လအတွင်း မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက် စပါးများ ရေလွှမ်းကာ ပျက်စီးခြင်းနှင့် ကျန်ရှိနေသော စပါးပင်များ ပိုးကျခြင်းများ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ယခု ဒုတိယအကြိမ်ရေကြီးရေလျှံမှုများနှင့် ဆည်တာတမံများ ကျိုးပျက်ခြင်းတို့ကြောင့် နယ်မြေ (၃)ခုအတွင်းရှိ ကျေးရွာများမှ ကျန်ရှိသောစပါးပင်များ ရေထပ်မံလွှမ်းမိုးကာ ကျေးရွာအတွင်းနေထိုင်သော ပြည်သူလူထုများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် တိရစ္ဆာန်များအတွက် နေရာအခက်အခဲနှင့် စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ညောင်လေးပင်ခရိုင်အတွင်း ဒုတိယအကြိမ်ရေကြီးမှုကြောင့် ပြည်သူ (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ထိုကဲ့သို့ အခက်အခဲကြုံတွေ့နေရသော ကျေးရွာများအား ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီနှင့် အဖွဲ့သားများမှ လှေများဖြင့် အမြင့်ပိုင်း နေရာများသို့ ပို့ဆောင်ခြင်း၊ အရေးပေါ်အကူအညီများ ထောက်ပံပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း လုံလောက်မှုမရှိဘဲ အရေးပေါ်အကူအညီများနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း KNU ဗဟိုက အသိပေးထားသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေ တောအူး (တောင်ငူ) ခရိုင်အတွင်း၌လည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့မှ စတင်ကာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၇၅)ရွာ ရေနစ်မြုပ်ပြီး လူဦးရေ (၁၄၈,၅၀၀)ဦး ရေဘေးသင့်လျက် ၊ ကျောင်း (၁)ကျောင်း ပျက်စီး၍ လူ (၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လယ်ယာများသည်လည်း ရေကြီးမှုကြောင့် စစ်တောင်းအရှေ့ဘက်ခြမ်းတွင် ဧကပေါင်း (၂၀,၃၇၂.၅၇)ဧက ပျက်စီးဆုံးရှုံးသည်သာမက မွေးမြူရေးတွင် ကျွဲ ၊နွားများ အကောင်ရေ (၇၀)ကျော် အသေအပျောက်ရှိနေကြောင်း သိရသည်။

တောင်ငူခရိုင် ဇရပ်ကြီးတောင်ခြမ်းအုပ်စု၌လည်း လယ်ပျက်စီးမှု ၆၀၀၀ ဧက နှင့် ကျွဲ၊နွား အသေပျောက် (၇၀)ကျော်ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှုကြီးသည် (၅၈)နှစ်အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုဖြစ်ပြီး တောအူး (တောင်ငူ)ခရိုင်၌ လာမည့်နှစ်အတွင်း တောင်ပေါ်မြို့များအတွက် စားနပ်ရိက္ခာ ပြတ်လတ်သည့် အခြေနေများ ဖြစ်‌ပေါ်လာနိုင်ကြောင်း KNU ဗဟိုက အသိပေးထားသည်။

#TachileikNewsAgency

Photo : KNU