ရေလုပ်သားအဖြစ် နှစ်ပေါင်း (၂၀) ကျော်အကြာ အလုပ်လုပ်ကိုင်နေသည့် ထိုင်းရောက် ရခိုင်တိုင်းရင်းသားတစ်ဦး ဘတ် (၆)သန်း ထီပေါက်

ရေလုပ်သားအဖြစ် နှစ်ပေါင်း (၂၀) ကျော်အကြာ အလုပ်လုပ်ကိုင်နေသည့် ထိုင်းရောက် ရခိုင်တိုင်းရင်းသားတစ်ဦး ဘတ် (၆)သန်း ထီပေါက်
စက်တင်ဘာ 18, 2024 | အခြားဒေသများ

ရေလုပ်သားအဖြစ် နှစ်ပေါင်း (၂၀) ကျော်အကြာ အလုပ်လုပ်ကိုင်နေသည့်  ထိုင်းရောက် ရခိုင်တိုင်းရင်းသားတစ်ဦး  ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့က  ထိုင်းထီဘတ်(၆)သန်းပေါက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ရေလုပ်သားအဖြစ် နှစ်ပေါင်း (၂၀) ကျော်အကြာ အလုပ်လုပ်ကိုင်နေသည့် အသက်(၄၂)နှစ်အရွယ် ရခိုင်တိုင်းရင်းသား ကိုကျော်ဆိုသူသည် အစိုးရထီ အမြင့်ဆုံးဆု ၆ ၀ ၈ ၆ ၆ ၂ ဂဏန်းဖြင့် ဘတ်(၆)သန်းဆုပေါက်ရာ ငွေထုတ်ယူရန် M.H.A.C မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခဲ့ကြောင်း သိရသည်။

ကိုကျော်သည် ရခိုင်ပြည်နယ် ကျောက်ဖြူဇာတိဖြစ်ပြီး မိသားစုနဲ့အတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို ပြောင်းရွှေ့နေထိုင်ပြီးနောက် ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို လာရောက်အလုပ်လုပ်ကိုင်နေခြင်းဖြစ်သည်။

"ထီဖွင့်တဲ့နေ့မှာပဲ ထီသုံးစောင် ဝယ်လိုက်တယ်။ တစ်စောင်က သူငယ်ချင်းကို ထီပေါက်ရင် တစ်ဝက်ပေးဆိုပြီးတော့ ပေးလိုက်တယ်။ ကျွန်တော့်ဆီမှာ ကျန်တဲ့ ထီနှစ်စောင်ကနေပြီးတော့ တစ်စောင်က ပေါက်တာပါ။ ချက်ချင်းပဲ ကိုရဲမင်းကို ဆက်သွယ်အကူအညီတောင်းတော့ ဒီနေ့ အားလုံးအဆင်ပြေခဲ့ပါတယ်။ ထီဆုငွေထုတ်ပြီး မိသားစုနဲ့အတူ အခြားစီးပွားရေးအလုပ်တစ်ခုကို ပြောင်းပြီးလုပ်မယ်လို့ စဉ်းစားထားပါတယ်။" လို့ ထီဆုပေါက်သူ ကိုကျော်က ပြောသည်၊

ဆုငွေထုတ်ယူရေးကိစ္စနှင့် ပတ်သက်ပြီး ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသည့် (M.H.A.C) မဟာမိတ်အဖွဲ့က ကိုရဲမင်းထံ ဆက်သွယ်အကူအညီတောင်းခံခြင်းကြောင့် (M.H.A.C) မဟာမိတ်အဖွဲ့က ယမန်နေ့ စက်တင်ဘာလ(၁၇)ရက်နေ့တွင် နေ့ချင်းပြီး ဆုငွေထုတ်ယူပေးခဲ့သည်ဟု သိရသည်။

"ကျွန်တော်တို့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ အခု ၂၀၂၄ ခုနှစ် ကံအရမ်းကောင်းတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းကစပြီး ဒီ စက်တင်ဘာလအထိ ဘတ်(၆)သန်းဆု ပေါက်တဲ့သူတွေက ကျွန်တော်တို့ (M.H.A.C) မဟာမိတ်ရုံးကို အကူအညီတောင်းလာလို့ ဆုငွေလိုက်ပြီးထုတ်ပေးခဲ့ရတာ (၃) ကြိမ်ဆက်တိုက်ရှိသွားပြီ။"ဟု ကိုရဲမင်းက ပြောသည်။

ကိုရဲမင်းဦးဆောင်သည့် (M.H.A.C) မဟာမိတ်အဖွဲ့အနေဖြင့် ဘတ်(၆)သန်းဆုပေါက်သည့် ထိုင်းရောက် မြန်မာအလုပ်သမား စုစုပေါင်း (၅၃)ဦးကို ဆုငွေထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:  (M.H.A.C) မဟာမိတ်အဖွဲ့