တာချီလိတ်မြို့ရှိ မိုးလုံလေလုံအားကစားရုံတွင် ရေဘေးသင့် ပြည်သူများကို ထားရှိရာ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့အထိ စုစုပေါင်း (၆၀)ဦးရှိကြောင်း သိရသည်။
စေတနာရှင်များ၏ လှူဒါန်းမှုဖြင့် တာချီလိတ် ခရိုင်/မြို့နယ် ကြက်ခြေနီက ကူညီလုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း နှင့် ကျန်းမာရေးအပိုင်းကလည်း ကျန်းမာရေးစောင့်ရှောက်မှု ထားရှိပေးကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဌာနဆိုင်ရာများဘက်က အောင်မြတ်ခန်းမတွင် ရေဘေးအတွက် အလှူခံပေးနေကြောင်းလည်း သိရသည်။
လက်ရှိတွင် တာချီလိတ်မြို့တွင်း၌ မိမိအစီအစဉ်ဖြင့် ကယ်ဆယ်ရေးစခန်းအနေဖြင့် ပုန်းထွန်ရပ်ကွက်အတွင်း သီရိရတနာဂူဟာပုန်းထွန်ရှမ်းကျောင်းတွင် ရေဘေးသင့် ပြည်သူ (၃၀၀)ကျော်ကို လက်ခံထားသည်။
ယင်းအပြင် လွယ်တော်ခမ်းရှိ လွယ်တော်ခမ်းဘုန်းကြီးကျောင်း နှင့် လွယ်တော်ခမ်းရှိ သာသနာ့ဂုဏ်ရည် ဓမ္မာစရိယကျောင်းတိုက် အပါအဝင် မကာဟိုခမ်းရပ်ကွက်အတွင်းမှ စိန်ဂျုဒ် ကက်သလစ်ဘုရားရှိခိုးကျောင်း၊ မယ်ခေါင်ရပ်ကွက်အတွင်းမှ (၃)လမ်းထဲက တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အသင်းတော်တို့တွင်လည်းရှိနေရာ အဆိုပါနေရာများ၌ တစ်နေရာလျှင် လူဦးရေ (၁၀၀)ဝန်းကျင် အထက် ရှိနေကြောင်း သိရသည်။