တာချီလိတ်မြို့တွင် ရေဘေးရှောင်နေစဉ် ကာလအတွင်း နေအိမ်ဖောက်ထွင်း ခိုးခံရမှုများ ရှိနေ

တာချီလိတ်မြို့တွင် ရေဘေးရှောင်နေစဉ် ကာလအတွင်း နေအိမ်ဖောက်ထွင်း ခိုးခံရမှုများ ရှိနေ

 ဆိုးရွားသည့် ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးနှင့်လွတ်ရာသို့ ခေတ္တပြောင်းရွှေ့ နေထိုင်စဉ်တွင် နေအိမ်အတွင်း ဖောက်ထွင်းခိုးယူ ခံရမှုများ ရှိနေကြောင်း သိရသည်။

"ပြီးခဲ့တဲ့ရက်တုန်းက ရေဘေးကြောင့်မို့ ရေနဲ့လွတ်တဲ့ အမျိုးအိမ်မှာ ခဏသွားနေလိုက်တာ ရေကျသွားလို့ အိမ်ပြန်လိုက်တော့ အိမ် အပေါ်ထပ်မှာ မွှေနှောက် ရှာဖွေထားပြီး တန်ဖိုးရှိ ပစ္စည်းတွေ ပျောက်ဆုံးနေတာကို တွေ့ရတယ်။ အခန်းရဲ့ ဘီဒိုထဲက ရွှေထည်ပစ္စည်းအချို့လည်း ပါသွားတယ်။ ရဲတိုင်နေလဲ ထူးမှာမဟုတ်ဘူးဆိုတော့ မတိုင်ဖြစ်လိုက်ပါဘူး။ ရေဘေးကြောင့် ဆုံးရှုံးသွားသလို ပစ္စည်းပါ ခိုးခံရတော့ စိတ်ဓါတ်အတော်ကျနေပြီ။ "ဟု တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်းနေသူ တစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၁၇)ရက်နေ့တွင် ပြောပြသည်။

အလားတူပင် တာလော့ရပ်ကွက်အတွင်း နှင့် မယ်ခေါင်ရပ်ကွက်အတွင်းမှ ရေဘေးရှောင်အချို့လည်း နေအိမ်အတွင်းမှ တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရကြောင်း သိရသည်။

"ရေကြောင့် ကျွန်တော့်အိမ်ကို ပစ်ထားခဲ့ပြီး အသိအိမ်မှာ ရေဘေးခဏ သွားရှောင်နေလိုက်တာ (၁၄)ရက်နေ့က အိမ်ပြန်သွားလိုက်တော့ အိမ်ထဲမှာ တံခါးတွေလည်း ဖျက်ထားတယ်။ အိပ်ခန်းအတွင်းကလည်း မွစာကြဲနေတာပဲ။ ပစ္စည်းအချို့ ပါသွားတယ်။ တာလော့ဘက်က ကျွန်တော့်အသိအိမ်လဲ ဖောက်ခံရတယ်လို့ ပြောတယ်"ဟု မယ်ခေါင်ရပ်ကွက်အတွင်း မြို့ပတ်လမ်းဘက်ရှိ နေအိမ်မှ အမျိုးသားတစ်ဦးက ပြောပြသည်။ 

ရေကြီးရေလျှံကာလအတွင်းကနေ စက်တင်ဘာလ(၁၆)ရက်နေ့ ညပိုင်းအထိ ည(၁၁)နာရီ (၁၂)နာရီ ဝန်းကျင်များတွင် အုပ်စုလိုက် တလော့ရပ်ကွက်တွင်း ပတ်သွားနေသည်များကို တွေ့ရကြောင်း နှင့် ထိုအုပ်စုထဲတွင် ပစ္စည်းထုပ်များ ထမ်းပိုးထားသည်ကိုလည်း တွေ့ရသည်ဟု တာလော့ရပ်ကွက်တွင်းနေသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

" ရေဘေးကြောင့် မထွက်နိုင်ဘဲ အပေါ်ထပ် အခန်းထဲမှာ နေနေကြရတာ။ သူခိုးက ဘယ်လို တက်လာလဲမသိဘူး။ အခန်းတံခါးတွေ လိုက်ဖွင့်နေတာ။ ကျွန်တော့်အခန်း နားလည်းရောက်ရော ဘာလုပ်ရမှန်း မသိတာနဲ ချောင်းတချက် ဟန့်လိုက်တာ အဲ့သူခိုး ရေထဲ ခုန်ချပြီး ထွက်ပြေးသွားတယ်။ နောက်ပြီး (၁၃)ရက်နေ့က ဆိုရင်လည်း နေ့ခင်းအချိန်ကြီး တာလော့ဈေးထဲမှာ တံခါးဖျက်ပြီး ပစ္စည်းခိုးဖို့ လုပ်နေတာတွေ့လို့ လူတွေက ဝိုင်းဖမ်းဖို့ လုပ်တော့ အဲ့သူခိုး လွတ်သွားတယ်။"ဟု တာလော့ရပ်ကွက်တွင်းနေသူ တစ်ဦးက ပြောပြသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံ နှင့်အတူ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ရေများမှာ စက်တင်ဘာလ(၁၃)ရက်နေ့စပြီး နည်းနည်းစီ ကျသွားပြီးနောက် အချို့ရေဘေးရှောင်များမှာ နေ့အိမ်သို့ ပြန်လာကြခြင်းဖြစ်ပြီး အုပ်စုလိုက် လိုက်ခိုးသူများမှာလည်း ယမန့်နေ့ညအထိ တာလော့နှင့် ပုန်းထွန်ရပ်ကွက် အပါအဝင် မယ်ခေါင်ရပ်ကွက်အတွင်း လိုက်လံ ပတ်သွားနေသည်ကို တွေ့ရကြောင်း သိသည်။