တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း သီရိရတနာဂူဟာပုန်းထွန်ရှမ်းကျောင်းတွင် ရေဘေးသင့်ပြည်သူ (၃၀၀)ကျော် လက်ခံထား

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း သီရိရတနာဂူဟာပုန်းထွန်ရှမ်းကျောင်းတွင် ရေဘေးသင့်ပြည်သူ (၃၀၀)ကျော် လက်ခံထား
စက်တင်ဘာ 15, 2024 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် ရပ်ကွက်များအနက် ရေဖုံးလွှမ်းမှု အများဆုံးဖြစ်ခဲ့သည့် ပုန်းထွန်ရပ်ကွက်အတွင်းမှ ရေဘေးသင့် ပြည်သူ (၃၀၀)ကျော်ကို ပုန်းထွန်ရပ်ကွက်အတွင်းရှိ သီရိရတနာဂူဟာပုန်းထွန်ရှမ်းကျောင်းက လက်ခံထားရှိကာ စေတနာရှင်များ၏ အကူအညီဖြင့် ကျွေးမွေးစောင့်ရှောက်ထားကြောင်း သိရသည်။ 

လက်ရှိတွင် သီရိရတနာဂူဟာပုန်းထွန်ရှမ်းကျောင်းတွင်  သံဃာတော် (၇)ပါး နှင့် ကိုရင်(၇)ပါး အပါအဝင် ရေဘေးသင့်ပြည်သူ (၃၀၀)ကျော်တို့ရှိကြောင်း သိရသည်။



"အခုလောလောဆယ်တော့ အလှူရှင်တွေရှိတယ်။ မွတ်စလင်မ်အဖွဲ့က  တစ်နေ့ (၂)နပ် ပုံမှန်ပို့ပေးတာရယ် အပြင်က လာပို့ပေးပို့ လှူဒါန်းလာတာတွေလည်းရှိတယ်။"ဟု ပုန်းထွန်ရပ်ကွက်တွင်းနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

သီရိရတနာဂူဟာပုန်းထွန်ရှမ်းကျောင်းသည် ရေကြီးရေလျှံမှုနှင့်အတူ မြေပြိုမှုကိုလည်း ကြုံတွေ့ခဲ့ရပြီး လက်ရှိတွင်လည်း ကျောင်းတိုက်အတွင်း၌ ရေဘေးသင့်ပြည်သူများကို လက်ခံထားသလို ကျောင်းအတွင်း သန့်ရှင်းရေးလည်း လုပ်ဆောင်နေလျှက်ရှိကြောင်း နှင့် သန့်ရှင်းရေးအတွက် ပစ္စည်းအချို့ လိုအပ်နေကြောင်း သိရသည်။

"ကျောင်းမှာလည်း မြေပြို ရေဘေးရှောင်ကလည်း လက်ခံထားဆိုတော့ သွားလာရတာ နည်းနည်းခက်တော့တယ်၊ ခုတော့သန့်ရှင်းရေးလုပ်နေတယ်။ အခုလက်ရှိ အရမ်းလိုနေတာက သန့်ရှင်းရေးလုပ်ဖို့ ပေါက်ပြား၊ သဲခပ်ခြင်း၊ ကော်ပြား၊ ပန်းရံလုပ်လက်အိတ်တို့ လိုအပ်ပါတယ်။ အစားအသောက်တော့ လုံလောက်နေသေးတယ်"ဟု ၎င်းက ဆက်လက် ပြောသည်။သီရိရတနာဂူဟာပုန်းထွန်ရှမ်းကျောင်းတွင် လက်ခံထားရှိသော ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းလိုပါက ကျောင်းတိုက်သို့ လာရောက်၍ မေးမြန်းနိုင်ကြောင်းလည်း သိရသည်။

လက်ရှိတွင် တာချီလိတ်မြို့တွင်း၌ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးစခန်းအနေဖြင့် ပုန်းထွန်ရပ်ကွက်အတွင်း သီရိရတနာဂူဟာပုန်းထွန်ရှမ်းကျောင်း အပါအဝင် လွယ်တော်ခမ်းရှိ လွယ်တော်ခမ်းဘုန်းကြီးကျောင်း၊မကာဟိုခမ်းရပ်ကွက်အတွင်းမှ စိန်ဂျုဒ် ကက်သလစ်ဘုရားရှိခိုးကျောင်း၊  မယ်ခေါင်ရပ်ကွက်အတွင်းမှ (၃)လမ်းထဲက တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အသင်းတော် အပြင် အုပ်ချုပ်ရေးပိုင်းက ဖွင့်လှစ်ထားသည့် မိုးလုံလေလုံအားကစားရုံတို့ရှိကြောင်း သိရသည်။