တာချီလိတ်မှ အတည်ပြုလူနာနှင့်ထိတွေ့ကူးစက်မိသည့် ကျိုင်းတုံမြို့မှ Covid-19 အတည်ပြုလူနာ (၈) နှစ်အရွယ်ကလေးငယ် ဆေးရုံဆင်း
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကုသမှုခံယူနေသည့် အသက် (၈) နှစ်အရွယ် COVID 19 အတည်ပြုလူနာ ကလေးငယ်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့၌ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ပြီး နေအိမ်၌ အသွားအလာ (၇)ရက် ထပ်မံကန့်သတ်နေထိုင်ရမည်ဖြစ်သည်။
"ကလေးက ဒီနေ့ ဆေးရုံဆင်းခွင့်ပြုလိုက်ပါပြီ။ သူ့ကို လူနာစောင့်လုပ်ပေးတဲ့ အမေဖြစ်သူကိုတော့ PCR စစ်ထားတာဆိုတော့ သူတို့ ဟိုတယ် quarantine နေပါတယ်။ ဆေးရုံမှာကျန်တဲ့ လူနာတစ်ဦးလည်း အခြေအနေကောင်းပါတယ်"ဟု ကျိုင်းတုံ အထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ကလေးငယ်မှာ တာချီလိတ်မှ ဒေသတွင်းကူးစက်မှုအဖြစ် နိုဝင်ဘာလ (၂၅) ရက်နေ့က စတင်တွေ့ရသည့် 1G1 ဟိုတယ်ဝန်ထမ်းအမျိုးသမီးနှင့်ထိတွေ့သူအဖြစ် နိုဝင်ဘာလ (၂၆)ရက်နေ့၌ RDT ဖြင့် စစ်ဆေးရာမှ ပိုးကူးစက်ခံထားရသည်ကို တွေ့ရသဖြင့် ကုသပေးထားသူဖြစ်သည်။
အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်းပြီဖြစ်၍ ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ဒီဇင်ဘာလ (၆)ရက်နေ့အထိ ကုသမှုခံယူနေဆဲ အတည်ပြုလူနာ အမျိုးသမီး (၁)ဦးသာ ကျန်ရှိခြင်းဖြစ်သည်။