တာချီလိတ်မြို့တွင် ကန်စွန်းရွက် တစ်ကီလို ဘတ်(၁၅၀)နှုန်းဖြင့် ကုန်စိမ်းဈေးနှုန်း (၂)ဆကျော် မြင့်တက်လာ၍ တာဝန်ရှိသူများ ဖြေရှင်းပေးရန် လိုအပ်နေ

တာချီလိတ်မြို့တွင် ကန်စွန်းရွက် တစ်ကီလို ဘတ်(၁၅၀)နှုန်းဖြင့် ကုန်စိမ်းဈေးနှုန်း (၂)ဆကျော် မြင့်တက်လာ၍ တာဝန်ရှိသူများ ဖြေရှင်းပေးရန် လိုအပ်နေ
စက်တင်ဘာ 14, 2024 | ရှမ်းရှေ့

 ရေဖုံးလွှမ်းမှုကြောင့် နယ်စပ်တံတားကနေ တဆင့် မယ်ဆိုင်ဘက်သွားရောက်ကာ ကုန်စိမ်းများကို သယ်ယူရန် အခက်အခဲများကြောင့် တာချီလိတ်မြို့တွင် ကုန်စိမ်းများ၏ ဈေးနှုန်းမှာ အဆမတန်မြှင့်တက်လာနေ၍ ဒေသအုပ်ချုပ်ရေးအာဏာပိုင်များအနေဖြင့် ဖြေရှင်းပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယနေ့  ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့တွင် ကန်စွန်းရွက် (၁)ကီလိုကို ထိုင်းဘတ်ငွေ (၁၀၀)ဘတ်မှ ဘတ်(၂၀၀)အထိ၊ မုန်ညင်း(၁)ကီလို (၁၈၀)ဘတ်၊ ခရမ်းချဉ်သီး(၁)ကီလို (၁၂၀)ဘတ်၊ နံနံပင် (၁)မစ် ဘတ်(၆၀)၊ ဂေါ်ဖီထုပ် (၁၀၀)ဘတ်၊ ရွှေဖရုံသီး (၃၀၀)ဘတ် စသည်ဖြင့် ကုန်စိမ်းဈေးနှုန်းများမှာ (၂)ဆ ကျော်အထိ မြှင့်တက်လာနေကြောင်း သိရသည်။ 

"အခုက ဒီဈေးနဲ့ ရနေတာတောင် ကံကောင်းတယ်ပြောရမလိုပဲ။ မနေ့ကဆို ကြက်ဥဒိုင်မှာ အလုအယက် ဝယ်နေကြတာ။ ကျွန်မတောင် နောက်တစ်ခေါက် ပြန်သွားတော့ မရတော့ဘူး။ နောက်ပြီး လျှပ်စစ်မီး မရကြတော့ မီးသွေးပဲ ဝယ်ကြရတာ။ မီးသွေးလဲ အထုပ်သေးသေးပဲ လိုသလောက် ဝယ်မရတော့ဘူး။ အရင်ကဆိုရင်  မီးသွေးအိတ်အကြီးတွေ ကားနဲ့ရောင်းတာတောင် ဝယ်မယ့်သူမရှိဘူး။"ဟု ဒေသခံ အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့တွင် ပြောသည်။

ယခင် ပုံမှန်ကာလက ကန်စွန်းရွက် (၁)ကီလိုကို ဘတ်(၄၀)၊ မုန်ညင်း (၁)ကီလိုကို ဘတ်(၄၀)မှ ဘတ်(၅၀)အကြား၊ ခရမ်းချဉ်သီး (၁)ကီလိုလျှင် (၃၀)ဘတ်၊ နံနံပင် (၁)မစ်လျှင် (၁၀)ဘတ်သာရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အသားငါးများမှာ စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်စောပိုင်းကတည်းက ပြတ်လပ်နေကြောင်း သိရသည်။

"တာချီလိတ်မှာ ရေကြီးရေလျှံဖြစ်လို့ လက်ထဲ ငွေရှိရင်တောင် ဝယ်စားဖို့ မလွယ်တော့ဘူး။ ဈေးဘယ်လောက်ကြီးကြီး မဖြစ်မနေ ဝယ်ရတော့တာဆိုတော့ တော်တော်များများ ပြတ်လပ်နေပြီ။"ဟု အိမ်ရှင်မ တစ်ဦးက ပြောသည်။

 

လက်ရှိတွင် ကုန်စိမ်းဈေးနှုန်းများနှင့် ပတ်သတ်ပြီး တစ်ဈေးနှင့် တစ်ဈေး မတူကြဘဲ ဈေးနှုန်းအပြိုင်တက်နေသလို ဖြစ်နေကြောင်း အိမ်ရှင်မများက ဆိုသည်။

"မနေ့က ရိက္ခာြပတ်သွားလို့ ထွက်ဝယ်တာ။ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်။ ကန်စွန်းရွက် တစ်ကီလို ဘတ်(၂၀၀)တဲ့။ ငြုပ်သီးတစ်ကီလို ဘတ်(၆၀၀)၊ ခရမ်းချဉ်သီး တစ်ကီလို(၁၀၀)၊ ကြက်ဥတောင် ခါတိုင်း ဘတ်(၈၀) (၉၀)ကို အခု တစ်ကဒ် (၁၅၀)တဲ့"ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

လောင်းကစားလုပ်ငန်းများကလွဲ၍ မည်သည့်ထုတ်ကုန်မှ မရှိသည့် တာချီလိတ်မြို့သည် တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ  ဆောက်လုပ်ရေး ပစ္စည်းများကို မှီခိုရသလို အသားငါးနှင့် ကုန်စိမ်းများကို  မှီခိုနေရပြီး မယ်ဆိုင်ကနေ နေ့စဉ် တင်သွင်းကာ ပြန်လည်ရောင်းချနေကြရခြင်း ဖြစ်သည်။

"ဒီအတိုင်းသွားနေရင်တော့ ကုန်စိမ်းဈေးနှုန်းတွေက အဆမတန် တက်နေမှာ လတ်တလော တံတား(၁)ကနေ သယ်ဖို့ မလွယ်သေးရင် တံတား(၂)ကနေ ဆိုရင်ရော အဆင်ပြေမလားဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒေသခံ ပြည်သူတွေအတွက် အလေးထားစဉ်းစားပြီး ဆောင်ရွက်ပေးစေချင်တယ်။"ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက အကြံပြုပြောဆိုသည်။



တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီးများကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့၏ မွန်းလွဲပိုင်းချိန်ကနေ စပြီး ဖြတ်တောက်ချိန်မှစပြီး နောက်ပိုင်းတွင် တာချီလိတ်တစ်မြို့လုံး ဒေသအချင်းချင်းအပြင် အဝေးရောက်မိသားစုများနှင့်ပါ အဆက်အသွယ်ပြတ်တောက်သွားသည်အထိ ဆက်သွယ်ရေးလိုင်းများပါ ပြတ်တောက်သွားခဲ့ရသည်။ 

ယင်းသို့ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ချိန်တွင် အော်ရီဒူး ဖုန်းလိုင်းများသာ အဆင်ပြေ၍ အော်ရီဒူး ဖုန်းကတ်များမှာ တစ်ကတ်လျှင် ဘတ်(၄၀၀)အထိ တိုးမြှင့်ရောင်းချသူများ ရှိသလို ထိုင်းဖုန်းကတ်များလည်း ဘတ်(၅၀၀)အထိ တိုးမြှင့်ရောင်းချမှုများရှိကြောင်း သိရသည်။