ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အမည်မသိ လူတစ်စုက ဆိုင်ကယ်ဖြင့် လှည့်လည်သွားလာကာ လျှပ်စစ်မီတာမှ ကြိုးများကို အကြောင်းမဲ့ လိုက်လံ ဖြတ်တောက်မှုများရှိနေကြောင်း သိရသည်။
"ဒီနေ့အိမ်မှာ မီးက တစ်အိမ်တည်း ကွက်ပျက်နေလို့ မီတာဘောက်မှာသွားကြည့်တော့ Breaker ကျနေတာတွေ့လို့ ပြန်တင်လိုက်တယ် ခါတိုင်းလဲ လက်ဆော့ပီး ချသွားသူရှိလို့ အဲ့တိုင်းပဲထင်ပြီး တင်လိုက်တာ။ တင်ပြီး လဲ မီးက ပြန်မလာလို့ ဘေးအိမ်က လူကိုကြည့်ပေးဖို့ အကူအညီ တောင်းလိုက်တယ်။ အဲတော့မှ ဆိုင်ကယ်နဲ့ တရုတ်မျက်နှာပေါက်နဲ့တူတဲ့သူတွေက စာအုပ်တွေ ပါလာပြီး ဖုန်းတွေဆက်နေတယ်တဲ့။ ပြီးမှ မီးကြိုးဖြတ်ပြီး တိတ်နဲ့ပတ်ခဲ့တာ သူလဲ မီးရုံးကလူပဲလို့ ထင်ခဲ့တာတဲ့" ဟု မီးကြိုးဖြတ်တောင်ခံရသူ အိမ်ရှင် တစ်ဦးက Tachileik News Agency ကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ပြောပြသည်။
မီးကြိုးများ အကြောင်းမဲ့ လိုက်လံ ဖြတ်တောက်သူများမှာ မီးလင်းရေးရုံးက မဟုတ်ကြောင်း နှင့် အလားတူ ဖြစ်စဉ်မျိုး အခြားနေရာများတွင်လည်း ဖြစ်ပွားကြောင်းလည်း မီးလင်းရေးက ပြောသည်ဟု သိရသည်။
"Box နားက မီးကြိုးကို ဖြတ်ဖို့ဆိုတာ ပစ္စည်းကရိယာလည်းပါမှ မီးအကြောင်းလဲ နားလည်သူဖြစ်မှ။ အခုက တ မင်တကာ သူများ ဒုက္ခရောက်အောင် လုပ်နေတာ။ မီးရုံးက လူတွေပြောတာကတော့ တခြားမှာလဲ ရှိတယ်ပြောတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။
မျက်မြင်သေသက်များ၏ ပြောပြချက်အရ မီးကြိုးများကို အကြောင်းမဲ့ လိုက်လံ ဖြတ်တောက်နေသည်မှာ အမျိုးသား(၂)ဦးဖြစ်ပြီး ရန်အောင်မြေရပ်ကွက်အတွင်းနှင့် ဆန်ဆိုင်း၊ မယ်ခေါင်၊ ဝမ်ကောင်းရပ်ကွက်များတွင် ကြုံတွေ့ရကြောင်း သိရသည်။
တာချီလိတ်မြို့တွင် လျှပ်စစ်မီးကြိုးများ ဖြတ်ခိုးခြင်းနှင့် ဖြတ်တောက်ခြင်းများရှိသလို ရေပေးဝေရေးနှင့်ပတ်သက်၍လည်း ရေမီတာစက်ကို ဖြုတ်ခိုင်းသည့် ဖြစ်စဉ်များလည်း မကြာခဏ ရှိနေကြောင်း သိရသည်။