တာချီလိတ်မြို့နယ်တွင်းမှ အခြားဒေသများသို့ ခရီးသွားမည့်သူများ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများမှ ထောက်ခံစာများကို အခမဲ့၊ မြန်ဆန်စွာ ထုတ်ပေးမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်မှ အခြားဒေသများသို့ ခရီးသွားမည့်သူများ မည်သည့်ဒေသမှ လာရောက်သည်ကို အထောက်အထားပြရန် လိုအပ်သည့် ရပ်/ကျေးထောက်ခံစာများကို အခမဲ့၊ မြန်ဆန်စွာထုတ်ပေးရာ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့၌ မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ တာချီလိတ်ကနေ တစ်ခြားဒေသခရီးသွားကြမယ်ဆိုရင် ရပ်/ကျေးအုပ်ချုပ်ရေးထောက်ခံချက် ယူသွားကြပါ။ ထောက်ခံစာယူရင်လည်း ဘာအခကြေးငွေမှ မကောက်ခံဖို့နဲ့ မြန်မြန်ဆန်ဆန်လုပ်ပေးဖို့ ဒီနေ့ပဲ ရပ်/ကျေးအားလုံးကို အကြောင်းကြားထားပါပြီ"ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် နေထိုင်သူများအနေဖြင့် မိမိတို့ နေထိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ရပ်ကွက်ထောက်ခံစာများကို သွားယူရမည်ဖြစ်သည်။
တာချီလိတ်ဒေသခံများအပြင် တာချီလိတ်သို့ ခေတ္တရောက်ရှိနေထိုင်ပြီး အခြားဒေသသို့ ပြန်လည်ထွက်ခွာမည့်သူများလည်း ဟိုတယ်တွင် တည်းခိုပါက ဟိုတယ်တည်ရှိရာ ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ခံစာများ ရယူနိုင်မည်ဖြစ်သည်။
COVID 19 ပြည်တွင်းကူးစက်မှုဖြစ်ပွားနေ၍ ရောဂါဖြစ်ပွားမှုများသည့် ဒေသများမှ လာရောက်သူများကို quarantine ထားရှိ၍ ဓာတ်ခွဲစစ်ဆေးပေးနေရာ မည်သည့်ဒေသမှလာသည်ကို ဒေသအသီးသီး၌ စစ်ဆေးနေကြခြင်းဖြစ်သည်။
Tachileik News Agency